26 C
Yangon

အသက် ၇ နှစ်အရွယ်သမီးငယ်ကို သတ်ဖြတ်ခဲ့သည့် မြန်မာအမျိုးသမီး မမျိုးပပထွန်းကို ချွန်ဘူရီတွင် ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ ဧပြီ ၃

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၎င်း၏ ခုနစ်နှစ်အရွယ် သမီးဖြစ်သူကို လည်ပင်းညှစ်သတ်ဖြတ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီး မမျိုးပပထွန်းကို ချွန်ဘူရီခရိုင်၊ ခိုလန်း (Koh Larn) ကျွန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ဖမ်းဆီးခံရသူမှာ မမျိုးပပထွန်း (Miss Myo Pa Pa Tun) ဖြစ်ပြီး၊ သူမအား မင်းဘူရီ (Min Buri) ရာဇဝတ်တရားရုံးက ရည်ရွယ်ချက်ရှိရှိ လူသတ်မှု (ဖမ်းဝရမ်းအမှတ် ၅၇၈/၂၅၆၉) ဖြင့် ဝရမ်းထုတ်ထားခြင်း ဖြစ်သည်။

လူသတ်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ဘန်ကောက်မြို့၊ မင်းဘူရီခရိုင်၊ ရမ်ခမ်းဟမ်း လမ်းသွယ် ၁၉၀ (Ramkhamhaeng 190, Soi 5) ရှိ နေအိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ (Metropolitan Police Division 3) နှင့် ပတ္တရားခရီးသွားရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စုံစမ်းထောက်လှမ်းခဲ့ရာ ကိုလန်းကျွန်းရှိ ဟိုတယ်ခန်းတစ်ခုအတွင်း ပုန်းအောင်းနေသည့် သံသယရှိသူ လူသတ်တရားခံ မြန်မာ အမျိုးသမီးကို ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ သံသယရှိသူ မြန်မာအမျိုးသမီးက စကားပြန်မှတစ်ဆင့် သူမ၏သမီးကို လည်ပင်းညှစ်သတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

သူမ၏ ထွက်ဆိုချက်အရ ဧပြီလ ၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် ကိုယ်ရေးကိုယ်တာ ပြဿနာများကြောင့် ပြင်းထန်သော စိတ်ဖိစီးမှုများ ခံစားနေရသဖြင့် မိမိကိုယ်ကိုယ် အဆုံး စီရင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် သမီးဖြစ်သူကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားရန် ရည်ရွယ်ကာ ကလေးကို အရင်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ကလေးသေဆုံးသွားပြီးနောက် မိမိကိုယ်ကိုယ် သတ်သေရန် သတ္တိမရှိတော့သဖြင့် ခိုလန်းကျွန်းသို့ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြို့တော်ရဲတပ်ဖွဲ့မှ ရဲမှူး ဆူရီယာ ကွန်ဂျာကို (Pol. Lt. Col. Suriya Kunjakol) က သံသယရှိသူသည် စိတ်ကျရောဂါ ခံစားနေရပြီး လူမှုဘဝ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ထွက်ဆိုထားသည်ဟု ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသမီးသည် ဘရူနိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ခဲ့ပြီး မကြာသေးမီကမှ ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။ သူမသည် သေဆုံးသူ သမီးငယ်နှင့် ပြန်လည်ဆုံတွေ့ပြီး ရက်ပိုင်းအတွင်းမှာပင် ယခုကဲ့သို့ ဝမ်းနည်းဖွယ် ဖြစ်ရပ်ကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သံသယရှိသူ မမျိုးပပထွန်းကို ထပ်မံစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန်အတွက် ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ထိန်းသိမ်းထားကြောင်း သိရှိရပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article