ရန်ကုန်၊ ဧပြီ ၃
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ တည်ပင်လှရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရသိရသည်။
ယမန်နေ့ ဧပြီလ ၂ ရက်နေ့တွင် ပေါက်မြို့နယ်၊ တည်ပင်လှရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁ လုံးနှင့် ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။
“ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ ကားသမားတွေ ထိတာလို့ သိရတယ်။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကျဲ တိုက်ခိုက်သွားတာ ကား ၁ စီးနဲ့ နေအိမ်တွေလည်းပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် ချက်ကန်ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသရှိ ထီးသဲလယ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဝေါလေဒေသရှိ ထီးသဲလယ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
“ပြည်သူတွေတော့ ထိခိုက်တာတော့မရှိပါဘူး။ နေအိမ်တွေ ပျက်စီးသွားတာပဲရှိပါတယ်။ နေအိမ် ၁၀ လုံးနီးပါးလောက် ထိခိုက်ပျက်စီးတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။







