ရန်ကုန်၊ ဧပြီ ၃
အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသော PDF များ အိမ်ပြန်လာကြရန် ရေးသားထားသည့် ဝါဒဖြန့် စာရွက်များကို လေကြောင်းမှတစ်ဆင့် စစ်တပ်က လိုက်လံကျဲချနေကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရှိရသည်။
ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသတွင်းရှိ စစ်မျက်နှာများတွင် အကြမ်းဖက်စစ်တပ်က PDF များ အိမ်ပြန်ကြရန် ရေးသားထားသည့် ဝါဒဖြန့် စာရွက်များကို ဒရုန်းဖြင့် ဗုံးကျဲရင်း လိုက်လံ ကျဲချနေကြောင်း သိရှိရသည်။
စစ်တပ်၏ ဝါဒဖြန့်စာတွင် “ဘဝတူညီအစ်ကိုများသို့ တို့တစ်တွေကိုင်ထား လက်နက်များကြောင့် ကောင်းစားသွားမှာ ဘယ်သူတွေလဲ…..။ လက်နက်ကိုင်စွဲ ဒီတိုက်ပွဲမှာ အသက်ခန္ဓာ ပေးဆပ်တာတွေ ဘာများတို့ပြန်ရလို့လဲ…. ညီအစ်ကိုများ လမ်းအမှားကို စဉ်းစားဖို့ရန် အချိန်တန်ပြီ….. အိမ်ပြန်စို့လေ ငါတို့တွေကို အဖေနဲ့အမေက စောင့်နေတယ်….” ဟု ဝါဒဖြန့်စာများရေးသားထား သည်။
တော်လှန်ရေးနယ်မြေတွင် နေထိုင်သော ပြည်သူတစ်ဦးက စစ်တပ်၏ ဝါဒဖြန့်စာနှင့်ပတ်သက်၍ “အဲဒီစာသားမှာ သမ္မတ ဖြစ်တာ မင်းအောင်လှိုင်၊ ချမ်းသာသွားတာ သူ့သားနဲ့သူ့သမီးဆိုပြီး ဖြည့်စွက်ပေးရမှာ” ဟု မှတ်ချက်ပြုပြောဆိုသည်။
စစ်တပ်၏ ဝါဒဖြန့်လာမှုများမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာခြင်းဖြစ်ပြီး စစ်တပ်က မကြာမီ အတုအယောင် ဟန်ပြ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်များ လုပ်ဆောင်လာနိုင်ကြောင်း ဦးမင်းကိုနိုင်က မှတ်ချက်ပြုသည်။
“ဒါက အောက်ခြေက တကယ်တိုက်နေကြတဲ့သူချင်း စိတ်ကူးပေါက်သလို ရေးပြီးတော့ သွားကျဲလို့မရဘူးလေ။ ဒါက အမြင့်ဆုံးကလာတဲ့ ဝါဒဖြန့်ချိရေးအလုပ်ပါ။ သူတို့ရဲ့ အိမ်နီးချင်းခေါင်းကိုင်ဖခင်နိုင်ငံကြီးရဲ့ အမိန့်အတိုင်း ညွှန်ကြားချက်အတိုင်း လုပ်ကိုလုပ်ရမှာ။ မကြာခင် ဟန်ပြ ငြိမ်းချမ်းရေးခေါ်တဲ့ ကမ်းလှမ်းချက်တွေ လုပ်ကိုလုပ်ရမှာ။ အဲဒါကြောင့်လည်း တော်လှန်ရေးကို တော်လှန်ရေးလို့ မမြင်တဲ့သူတွေ တော်လှန်ရေးကို တော်လှန် ရေးလို့သဘောမထားတဲ့သူတွေက “ဒါတွေက ပဋိပက္ခတွေပါ တော်ကြပါတော့”ဆိုတဲ့ အဲဒီအသံတွေနဲ့ သူက ထပ်တူ အားယူပြီးတော့ လုပ်မှာ။ ပြောချင်တာက တော်လှန် ရေးသမားအစစ်တွေကို ငြိမ်းချမ်းရေးခါးပတ်ခေါင်းကြီးနဲ့ ခေါင်းကို ရိုက်ခွဲမှာ၊ပြီးတော့ အဲဒီမှာ ကြိုပြီးတော့ ရရင်လည်း ရသလောက်ပေါ့အောက်ခြေတွေကို ကြိုပြီးတော့ နှဲ့နေတာ။ တကယ်တမ်း မှန်မှန်ကန်ကန် တော်လှန်ရေးတစ်ရပ်ဟာ တကယ့်ဖြစ်သင့်ဖြစ်ထိုက်တဲ့ တရားအတိုင်းမဖြစ်ဘဲနဲ့ ဘယ်တော့မှ လွယ်လွယ်နဲ့ ဒီဖက်ဆစ်တွေ စစ်ရာဇဝတ်ကောင်တွေကို စကားပြောလို့မရပါဘူး။ ဒါက ငြိမ်းချမ်းရေးကို မလိုချင်တာမဟုတ်ဘူး” ဟု ဦးမင်းကိုနိုင်က ရှင်းပြသည်။
စစ်တပ်က ကျူးလွန်ခဲ့သော ပြည်သူများကို သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများကို တရားမစီရင်ဘဲ ဆွေးနွေးဘက်အဖြစ် လက်ခံ၍ မရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“တကယ့် တရားစီရင်ချက်က ဘယ်မှာလဲ။ တရားစီရင်မှုက ဘယ်မှာလဲ။ မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ ဒီခေါင်းဆောင်တွေ၊ ပြည်သူတွေကို စစ်ကြောရေးတွေမှာ လမ်းတွေပေါ်မှာ ပစ်သတ်ခဲ့တာတွေ၊ ဗုံးနဲ့ ကျဲခဲ့တာတွေ အဲဒီစစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို တရားမစီရင်ဘဲနဲ့ သူတို့ကို ငြိမ်းချမ်းရေး ဆွေးနွေးဘက်တွေအနေနဲ့ လက်ခံတယ်ဆိုတာ က ကမ္ဘာကြီးက တရားမဲ့တာပဲ။အဲဒါကို ကြိုပြီးတော့ တော်လှန်ရေးဘက်ကလည်း ရှင်းနေအောင်တော့ အားလုံးကို ပြောထားရပါလိမ့်မယ်” ဟု ၎င်းက ပြောဆိုသည်။




