26 C
Yangon

မြင်းခြံရှိ ဖက်ပင်အိုင်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်မှု ပြည်သူများ ထိခိုက်သေဆုံမှုရှိ၊ ပေါက်မြို့နယ်တွင်လည်း စစ်ဘေးရှောင်ပြည်သူများ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

Must read

ရန်ကုန်၊ ဧပြီ ၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဖက်ပင်အိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂ ရက်နေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဆီမီးခုံ-နဘူးအိုင် လမ်းဘေးရှိ ဖက်ပင်အိုင်ရွာကို ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ကျည်ထိမှန်၍ ထိခိုက်သေဆုံးသော ပြည်သူများရှိကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖက်ပင်အိုင်ရွာမှ ထွက်ပြေးတိမ်းရှောင်သည့် ပြည်သူများကိုလည်း ဒရုန်းများဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် ပြည်သူများ ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်နေရ၍ ထိခိုက်သေဆုံးသူ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“မနေ့က နံနက်အစောပိုင်းကြီး စစ်ခွေးစစ်ကြောင်းက ဖက်ပင်အိုင်ရွာကို ဝင်ရောက်စီးနင်း ပစ်ခတ်တာ ပြည်သူတွေ ကျည်ထိမှန်ပြီး ထိခိုက်သေဆုံးတယ်လို့တော့ သိရတယ်။ ကျနော်တို့လည်း ခြေဦးတည့်ရာပြေးနေရလို့ ဘယ်သူတွေထိတယ်ဆိုတာ အတည်မပြုနိုင်ပါဘူး။ စစ်ခွေးတွေက ရွာထဲက ထွက်ပြေးတိမ်းရှောင်တဲ့ ပြည်သူတွေကိုလည်း ဒရုန်းတွေနဲ့ ဗုံးလိုက်ကျဲတယ် အဲတာလည်း ပြည်သူတွေ ထပ်ထိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မတ်လ ၂၂ ရက်နေ့ကလည်း စစ်တပ်က နဘူးအိုင် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းက ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူ ၃၀၀၀ ကျော်သည် သောက်သုံးရေနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့မှ စတင်ပြီး ပေါက်မြို့ပေါ်မှ ပျူစောထီးကျေးရွာများကို ရိက္ခာပို့ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းပိုင်းရှိ ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ရွာပေါင်း ၁၀ ခုကျော်မှာ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေပြီး ရေရှားပါးသည့် ဒေသဖြစ်သောကြောင့် သောက်သုံးရေများလည်း လိုအပ်လျက်ရှိကြောင်း၊ ထို့ပြင် ကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုများအတွက်လည်း စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရှိရသည်။

“ပေါက်မြို့နယ် တောင်ခြမ်းကို တိမ်းရှောင်နေရတာ ရွာပေါင်း ၁၂ ရွာလောက်ရှိတယ်။ စစ်ခွေးတွေက သူတို့ ရိက္ခာစစ်ကြောင်း ဖြတ်သန်းသွားတဲ့ ရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ပြည်သူတွေ တိမ်းရှောင်နေရတာ အခုက သောက်သုံးရေးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်။ အမိုးအကာတွေလည်း လိုအပ်တယ်။ နေပူဒဏ် မခံနိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ကျန်းမာရေ မကောင်းဖြစ်နေပြီး သေဆုံးသူများတွေလည်း ရှိနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article