ရန်ကုန်၊ ဧပြီ ၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးတွင် တည်ရှိသော ဆေးရုံကို စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်နေ့တွင် လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သဖြင့် ဆေးရုံအဆောက်အအုံများနှင့် ဆေးကုသရေးအသုံးအဆောင်ပစ္စည်းများ အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဧပြီလ ၂ ရက်နေ့တွင် တံတားဦးလေတပ်မှ JF-17 စစ်လေယာဉ်တစ်စီးနှင့် မိတ္တီလာလေတပ်မှ JF-17 စစ်လေယာဉ်တစ်စီးတို့ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ ဆေးကုသမှုခံယူနေသည့် ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
Knight Commanders အဖွဲ့မှ တာဝန်ရှိသူ ဘယ်သန်ကြီးက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောကြားရာတွင် “စစ်ခွေးတွေ ၂ ကြိမ်တိုင်တိုင် လေကြောင်းတိုက် ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ ဆေးရုံက လူတွေကို ကြို တင်ပြီး ရှောင်ခိုင်းထားတယ်။ ဆရာမတွေကတော့ ကတုတ်ကျင်းထဲမှာ ဝင်ပုန်းနေတာပါ။ ဆေးရုံအဆောက်အဦးနဲ့ ဆေးဝါးပစ္စည်းများကတော့ ပျက်စီးသွားတယ်” ဟု ဆိုသည်။
မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ အလားတူ လူသားချင်းစာနာမှုကင်းမဲ့သော တိုက်ခိုက်မှုများမှာ ယခုတစ်ကြိမ်သာမကဘဲ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ညောင်ပင်ရွာတွင် ရေချိုးနေသော ပြည်သူများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးသည်။
ထိုစဉ်က တိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သာဓကများလည်း ရှိခဲ့သည်။
လက်ရှိတွင် ဆေးရုံတိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခက်အခဲဖြစ်ပေါ်နေပြီး စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများအပေါ် ဒေသခံများက ပြင်းထန်စွာ ဝေဖန်ရှုံ့ချလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့စဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)




