ရန်ကုန်၊ ဧပြီ ၃
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချထားသော ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီဘက် မှ ၃ ဦး သေဆုံးပြီး ၅ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြေလတ်လွတ်မြောက် ရေးတပ်တော် (CLLA) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၂ ရက်၊ နံနက်အစောပိုင်း ၂ နာရီခန့်တွင် စေတုတ္တရာမြို့မရဲစခန်းနှင့် မီတာ ၅၀၀ ခန့်အကွာ၌ရှိသော၊ အင်အား ၁၅ ဦး ခန့်ဖြင့် အထိုင်ချထားသည့် ဂိတ်စခန်းကို တော် လှန်ရေးတပ်ဖွဲ့ဝင်များက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဂိတ်စခန်းသည် စေတုတ္တရာမြို့နှင့် ငဖဲမြို့ကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ခရီးသွားပြည်သူများကို ပေါ်တာဆွဲခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများ လုပ်ဆောင်နေသော ဂိတ်တစ်ခုဖြစ်ကြောင်း သိရသည်။
မြေလတ်လွတ်မြောက်ရေးတပ်တော် (CLLA) မှ တပ်ခွဲမှူး တိမ်ကြားက ဦးဆောင်၍ “သီဟနာဒ စစ်ဆင်ရေး” အမည်ဖြင့် ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။
CLLA မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ သဒ္ဒက “ဂိတ်သိမ်းဖို့အထိ ရည်ရွယ်ချက်မရှိပါဘူး။ တိုက်ပဲတိုက်နိုင်ခဲ့တာပါ။ စစ်ကူတွေမလာခင် ပြန်ဆုတ်ခဲ့ပါတယ်။ တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ မြို့ထဲမှာ အစစ်အဆေးကြမ်းနေတယ်လို့ သိရပါတယ်။ မြို့တွေမှာဆိုရင် မြို့ပြပြောက်ကျားပဲ တိုက်ခိုက်ရမှာမို့ စကစ အနီးအနားမှာ မနေကြဖို့ ပြည်သူတွေကို တိုက်တွန်းချင်ပါတယ်။ မြို့ပြပြောက်ကျားဆိုတာ အချိန်တိုအတွင်း လှုပ်ရှားရတာဖြစ်တဲ့အတွက် မတော်တဆ ထိခိုက်မှုတွေ ကြုံလာနိုင်လို့ပါ”ဟု ပြောဆိုသည်။
ဓာတ်ပုံ- ပုံအဟောင်းကိုအသုံးပြုထားပါသည်။
အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်များက စေတုတ္တရာမြို့အတွင်း၌ လုံခြုံရေးတင်းကျပ်ကာ လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြေပြင်သတင်းများအရ သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မြို့ပြပြောက်ကျားစစ်ဗျူဟာကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲထားရာနေရာများနှင့် ဝေးဝေးနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက အထူးသတိပေးနှိုးဆော်ထားသည်။




