ရန်ကုန်၊ ဧပြီ ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသော မှော်ဝမ်း သင်းချိုင်းအနီးကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေပြီး လေယာဉ်များ ဆက်တိုက် ပျံဝဲနေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၃ ရက်နေ့ မွန်းလွဲပိုင်းက စတင်ပြီး KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသော မှော်ဝမ်း သင်းချိုင်းအနီးကို စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း လက်ရှိချိန်ထိ လေယာဉ်များ ဆက်တိုက်ပျံဝဲနေဆဲဖြစ်ကြောင်း သိရသည်။
KIA ပူးပေါင်းတပ်များသည် ယမန်နေ့ ဧပြီလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖားကန့်မြို့ မှော်ဝမ်းအနီးရှိ စစ်စခန်းများကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မှော်ဝမ်း အနီးရှိ ကာကင်းစခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ စခန်းများ လက်လွှတ်လိုက်ရသည့် အတွက် စစ်တပ်က ယမန်နေ့ကစတင်၍ လက်ရှိချိန်ထိ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“မနေ့က တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရတဲ့ မှော်ဝမ်း သင်းချိုင်းအနီးကို စစ်ခွေးတွေက ဒီနေ့ ထိလေယာဉ်နဲ့ ဗုံးကျဲနေတုန်းပဲ မြေပြင် ထိတွေ့မှုတွေ ငြိမ်နေပေမယ့် လေယာဉ်တွေက ဆက်တိုက်ပျံဝဲနေတုန်းပဲ မွန်းလွဲပိုင်းလောက်တည်းက စကျဲနေတာ ပြည်သူတွေက တိမ်းရှောင်နေရကြတော့ ထိခိုက်မှုမရှိဘူးလို့တော့ သိထားရတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ဖားကန့်မြို့ပေါ်ရှိ ဆောင်းကဖေး အရှေ့ဘက်နှင့် မြို့မရပ်ကွက်၊ ကလပ်ကုန်း အနီးကို ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၉ နှစ်အရွယ် မောင်ဖုန်ရိန်အောင်၊ အသက် ၁၇ နှစ်အရွယ် မဂျာအောင် ၊ အသက် ၂၈ နှစ်အရွယ် မဆောင်မျော် ၊ အသက် ၃၀ နှစ်အရွယ် ဦးဘန်းအောင်နှင့် အသက် ၅၀ နှစ်အရွယ် ဦးတူးခေါင် တို့ လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။






