26 C
Yangon

ဂန့်ဂေါတွင် အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် စုဆောင်ရေးတပ်အတွင်း နှိပ်စက်ခံခဲ့ရပြီး ထွက်ပြေးသူများ၏ ခြေထောက်ကို စစ်သားများက ဓားဖြင့်မွှန်း၍ နှိပ်စက်မှုများ လုပ်ဆောင်ကြောင်း ထုတ်ဖော်ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၃

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် စုဆောင်ရေးတပ်အတွင်း နှိပ်စက်ခံခဲ့ရပြီး ထွက်ပြေးသူများ၏ ခြေထောက်ကို စစ်သားများက ဓားဖြင့်မွှန်း၍ နှိပ်စက်မှုများ လုပ်ဆောင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ကျောမြို့ ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၄ ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော စစ်မှုထမ်းအပတ်စဉ် ၁၈ မှ တပ်သား စိုးသီဟ၊ တပ်သား ဇွဲလင်းအောင်နှင့် တပ်သား သိန်းသန်းတို့ ၃ ဦးသည် ကျောမြို့ ပကဖနှင့် ချိတ်ဆက်ကာ အလင်းဝင်ရောက်လာကြောင်း သိရှိရသည်။

ထိုစစ်မှုထမ်း တပ်သားသစ် ၃ ဦးသည် မော်လမြိုင်မြို့နယ်တွင် အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အမှတ် ၇၄၇ စစ်လက်နက်ပစ္စည်းတပ်ခွဲတွင် ဖွင့်လှစ်မည့် မွမ်းမံ သင်တန်းကို လာရောက်တက်ရောက်စဉ် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်းစုဆောင်းရေးစခန်းများနှင့် သင်တန်းကျောင်းများတွင်လည်း ၎င်း ၃ ဦးသည် ရိုက်နှက် နှိပ်စက်ခံရပြီး အကြမ်းဖက် စစ်သားများ ဝိုင်းဝန်းရိုက်နှက်ခြင်း၊ စုဆောင်းရေးစခန်းမှ ထွက်ပြေးသူများ၏ ခြေထောက်ကို ဓားဖြင့်မွှန်း၍ နှိပ်စက်မှုများပါ လုပ်ဆောင်ခြင်းကြောင့် သေဆုံးသူများလည်းရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သိရှိရသည်။

“စုဆောင်းရေးမှာတုန်းက တော်တော်ဆိုးတယ်။ ကျွန်တော်တို့ ရောက်သွားတုန်းက တော်တော်လေး ခံစားခဲ့ရတယ်။ သူတို့က အစပိုင်းမှာ ကောင်းသလိုလိုနဲ့ နောက်ပိုင်းမှာ အနိုင်ကျင့်တယ်။ ပိုက်ဆံရော၊ အစားအစာရော အကုန်ဆိုးဝါးပါတယ်။ နေရထိုင်ရတာကအစ ကျဉ်းကျပ်တယ်။ သူတို့ စိတ်မထင်ရင် မထင်သလို ရိုက်တယ်၊ ထိုးတယ်၊ ကန်တယ်။ နောက်ဆုံး သူတို့ရိုက်လွန်းအားကြီးလို့ ကြောင်သွားတဲ့သူတွေတောင် ရှိတယ်။ ဝိုင်းရိုက်လို့ လက်လွန်ပြီးတော့ သေသွားတဲ့သူတွေတောင် ရှိတယ်။ အဲဒီ ပညာရေး ၆ ကို ရောက်တဲ့ စစ်မှုထမ်းတပ်သားတွေအကုန် အဲလိုအနိုင်ကျင့်ခံရတယ်။ ထွက်ပြေးလို့ မိတဲ့သူ တစ်ယောက်ဆို ခြေထောက်ကို ဓားနဲ့မွှန်းတာ မထိတထိနဲ့၊ အဲဒီလူကလည်း နောက်တော့ သေလုမျောပါး ဖြစ်နေတော့ နှိပ်စက်လို့လည်းဝရော ဆေးရုံတင်ဖို့ အသွားလမ်းမှာတင် သေသွားတယ်။ အဲဒီအလောင်း ပြန်သယ်လာပြီး သဂြိုလ်လိုက်တယ်။ မိသားစုဝင်တွေကို အလောင်းပြန်ပေးတာတို့၊ အသိပေးတာတို့လည်း မလုပ်ဘူး” ဟု အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ်များက ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article