26 C
Yangon

ဆိပ်ဖြူမြို့နယ်မှ ပေါက်မြို့နယ်သို့ ရိက္ခာလာပို့သော စစ်တပ်ယာဉ်တန်းကို လိုက်လံ တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဧပြီ ၃

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှ ပေါက်မြို့နယ်သို့ ရိက္ခာလာပို့သော အကြမ်းဖက် စစ်တပ်ယာဉ်တန်းကို လိုက်လံ တိုက်ခိုက်ရာ စစ်သား ၁၃ ဦးသေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပေါက်မြို့နယ် ပကဖ ကထုတ်ပြန်ထားသည်။

မတ်လ ၉ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်ရှိ ကပစ -၂၂ မှ ထွတ်လာသော အင်အား ၇၀၀ ခန့်ပါ စစ်ကြောင်းနှင့် ကားအစီးရေ ၁၅၀ ကျော်ပါ ယာဉ်တန်းသည် ပေါက်မြို့နယ် တောင်ပိုင်း သို့ စတင်ဝင်ရောက်လာကြောင်း၊ ထိုစစ်ကြောင်းသည် ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းပိုင်းရှိ ကျေးရွာများမှ ပြည်သူပိုင် စျေးဆိုင်များ၊ ပြည်သူပိုင် ပစ္စည်းများကို ယူဆောင်ခြင်း၊ ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ လုပ်ဆောင်သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၁၁ ရက် ၊ ၁၂ ရက် ၊ ၁၃ရက်နှင့် ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပုသိမ်-မုံရွာ လမ်းပိုင်းရှိ သုံးနယ်ဆုံ အနီး ၊ ဒီးဒုတ်ကွင်း ပျူစောထီးကျေးရွာအနီး လမ်းဆုံနှင့် တယ်ပင်ကန် ကျေးရွာတောင်ဘက် လမ်းဆုံ အနီးတို့တွင် နေ့စဉ် စောင့်ဆိုင်း တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီ ကား ၂ စီး ပျက်စီးခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ဒရုန်း ၂ စီး ပျက်စီးကာ ရဲဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၆ ရက်နေ့တွင် ဆိပ်ဖြူ – ကပစ ၂၂ မှ ထွတ်လာသော ယာဥ်တန်းသည် ယာကြီးပြင် ပျူစောထီးရွာအနီး ရောက်ရှိနေစဥ် ယာကြီးပြင် ပျူစာထီးရွာနှင့် ပေါက်မြို့ အကြား အုန်းတောတံတားအနီး ရှေ့ပြေးကင်းယူထားသော စစ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ MA-1 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၆ ရက်နေ့တွင် ပေါက်မြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းသည် ပေါက်မြို့မှ ပင်တောင်ရွာသို့ လာရောက်စဥ် ယာဥ်တန်း လုံခြုံရေးယူထားသော စစ်သားများကို တောင်ချိုကျေးရွာအနီး တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့တွင် စစ်ကြောင်းသည် ပေါက်မြို့နယ် တောင်ပိုင်းရှိ ပျူစောထီးရွာများကို ရိက္ခာပို့ရန် စစ်ကြောင်း ထပ်မံထွက်လာစဉ် လယ်လမ်းကျေးရွာနှင့် သရဖီကျေးရွာများ အကြားတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂၈ ရက်နေ့တွင် စစ်ကြောင်းသည် လယ်လမ်းကျေးရွာနှင့် သရဖီကျေးရွာ အကြားကို ရောက်ရှိလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးကာ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ကား ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ် ပကဖ ၊ မြိုင်မြို့နယ် ပကဖ၊ ဆိပ်ဖြူမြို့နယ် ပကဖ နှင့် MGY PDF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းပိုင်းရှိ ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရွာပေါင်း ၁၀ ခုကျော်မှာ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကာ ရေရှားပါးသည့် ဒေသဖြစ်သောကြောင့် သောက်သုံးရေများလည်း လိုအပ်လျက်ရှိကြောင်း၊ ထို့ပြင် ကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုများအတွက်လည်း ဆေးဝါးများနှင့် အာဟာရဖြစ်စေမည့် အစားအစာများ အရေးပေါ်လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article