ရန်ကုန်၊ ဧပြီ ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဗျူဟာကုန်းပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၃ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဗျူဟာကုန်းပေါ်ကို KIA ပူးပေါင်းတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီနေ့ ညနေ ၆ နာရီ ၁၅ မိနစ်လောက်မှာ ဖားကန့်မြို့၊ ဗျူဟာကုန်း အတွင်းကို KIA ပူးပေါင်းတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်လို့ ဗျူဟာကုန်းပေါ် လက်နက်ကြီးကျပြီး မီးလောင်နေတာ ထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖားကန့်မြို့ မှော်ဝမ်းအနီးရှိ စစ်စခန်းများ တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မှော်ဝမ်း သင်းချိုင်းအနီးရှိ ကာကင်းစခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ စခန်းများ လက်လွှတ်လိုက်ရသည့် အတွက် စစ်တပ်က ယမန်နေ့ကစတင်၍ လက်ရှိချိန်ထိ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Mon State Revolutionary Force – MSRF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၃၀ ရက်နေ့တွင် ရေးမြို့နယ်၊ အောင်သပြေရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၁ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
မတ်လ ၃၁ ရက်နေ့ ည ၉ နာရီ ၂၇ မိနစ်ခန့်တွင်လည်း ရေးမြို့နယ်၊ အောင်သပြေရွာအနီးရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၆ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား၄ ဦးသေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
မွန်-တနင်္သာရီ ညီနောင် ဒရုန်းတပ်ပေါင်းစုသည် ညီနောင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (အမှတ်-၈၀၀၂ တပ်ရင်း)(KBDF)၊ ရေးပြောက်ကျားတပ်ရင်း (အမှတ်-၈၀၀၁ တပ်ရင်း)(YGF) တို့မှ ဒရုန်းတပ်ဖွဲ့များဖြင့် စုဖွဲ့ထားကြောင်း၊ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့တွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) (၉၀၁) တပ်ရင်း၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) နှင့် ရေးပြောက်ကျားတပ် (YGF)အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲ တို့ ပူးပေါင်းပါဝင်ခဲ့ကြကြောင်းသိရှိရသည်။






