34 C
Yangon

မြဝတီ- ကော့ကရိတ်အာရှလမ်း ပြန်ဖွင့်ပြီးနောက် ဖားချောင်းဂိတ်တွင် စစ်ကောင်စီနှင့် BGF ပူးပေါင်းအဖွဲ့က ဂိတ်ကြေးအဆမတန်ကောက်ခံ၊ ရှမ်းပြည်နယ်မှတ်ပုံတင် ၁၃/ ကိုင်ဆောင်သူများကို တစ်ဦးလျှင် ငွေကျပ် ၈ သိန်းအထိ တောင်းယူနေ

Must read

ရန်ကုန်၊ ဧပြီ ၄

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်လိုက်သည့် နှစ်ရက်မြောက်နေ့မှာပင် လမ်းပိုင်းအဝင်ရှိ ဖားချောင်းစစ်ဆေးရေးဂိတ်၌ အခြေစိုက်သည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့က ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများထံမှ ဂိတ်ကြေးများကို အဆမတန် အဓမ္မတောင်းခံနေကြောင်း သိရသည်။

အဆိုပါ ဖားချောင်းဂိတ်တွင် တပ်မ ၂၂ နှင့် BGF တပ်နယ် ၄ တို့ ပူးပေါင်းအထိုင်ချထားပြီး ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၁၀,၀၀၀ စီ ကောက်ခံနေကြောင်း၊ “အန်စာတုံး” ခရီးသည်တင်ယာဉ်တစ်စီးလျှင် ဂိတ်ကြေး ငွေကျပ် ၁ သိန်းအထိ ပေးဆောင်နေရကြောင်း သိရှိရသည်။

ယာဉ်မောင်းတစ်ဦးက ဂိတ်ကြေးလျှော့ပေါ့ပေးရန် တောင်းဆိုရာတွင် ဂိတ်စောင့်တပ်ဖွဲ့ဝင်များက “မင်းဆီကယူတာမဟုတ်ဘူး၊ ခရီးသည်ဆီကယူတာ၊ မင်းပါးစပ်ပိတ်ထားလိုက်” ဟု ရိုင်းပျစွာ တုံ့ပြန်ငေါက်ငမ်းခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ဆိုသည်။

အဆိုးရွားဆုံးအခြေအနေမှာ ရှမ်းပြည်နယ်မှတ်ပုံတင် (၁၃/ —) ကိုင်ဆောင်ထားသည့် ခရီးသည်များကို တွေ့ရှိပါက ကားပေါ်မှ အဓမ္မဆွဲချကာ တစ်ဦးလျှင် ငွေကျပ် ၈ သိန်းအထိ တောင်းခံနေခြင်းဖြစ်သည်။

ယာဉ်တစ်စီးချင်းစီတိုင်းကို ယခုကဲ့သို့ စနစ်တကျ ပစ်မှတ်ထား ငွေညှစ်နေခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက အတည်ပြု သည်။

ကော့ကရိတ်-မြ၀တီအာရှလမ်းကို ဧပြီလ ၂ ရက်နေ့တွင် ပြန်ဖွင့်လှစ်ခဲ့ခြင်းဖြစ်​ပြီး ဖွင့်လှစ်ချိန် ၂ ရက်သာရှိသေးသော်လည်း ယခုကဲ့သို့ ငွေကြေးအဆမတန် ကောက်ခံနေမှုကြောင့် ယာဉ်မောင်းများမှာ ခရီးစဉ်များ ဆက်လက်ပြေးဆွဲရန်ပင် အခက်တွေ့နေကြသည်။

“ဒီတိုင်းသာဆိုရင် ကျွန်တော်တို့ ကားတွေ ဆက်ထွက်ဖို့တောင် မဖြစ်နိုင်တော့ဘူး” ဟု နစ်နာသူ ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီနှင့် BGF ပူးပေါင်းအဖွဲ့၏ လုပ်ရပ်ကြောင့် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုတို့တွင် ကုန်ကျစရိတ်များ အဆမတန် မြင့်တက်လာကာ ပြည်သူများအပေါ် စီးပွားရေးအရ ဝန်ထုပ် ဝန်ပိုး ပိုမိုဖြစ်ပေါ်စေလျက်ရှိကြောင်း ကုန်သည်များနှင့်ခရီးသည်များက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article