34 C
Yangon

မြဝတီနှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဗျူဟာကုန်းအနီးရှိ ဝေါလေဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဝေါလေဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းမီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

“ဝေါလေ ဘုန်းကြီးကျောင်းကို စစ်ခွေးတွေ ဗုံးကျဲလို့ ကျောင်းတစ်ခုလုံး မီးလောင်ပြာကျသွားတယ်။ မနေ့က ညနေ ၆ နာရီလောက်က ကျဲသွားတာ ပြည်သူတွေ ထိခိုက်တာမရှိဘူးလို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧပြီလ ၁ ရက်နေ့ကလည်း ဝေါလေဒေသရှိ ထီးသဲလယ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၁၀ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘုရားပြန်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၃ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် ဝက်လက်မြို့နယ် အနောက်တောင်ခြမ်း ဘုရားပြန်ရွာ အနီးတဝိုက်ကို မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၁၄ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၃၅ အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးလုံးမစိုးရိမ်ရပါဘူး” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article