ရန်ကုန်၊ ဧပြီ ၄
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ နဘက်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း ဒေသပြည်သူများ၏ ပြောပြချက်အရ သိရှိရသည်။
ယမန်နေ့ ဧပြီလ ၃ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် မကွေးလေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် နဘက်ကျေးရွာအတွင်းသို့ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
“စစ်ခွေး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက သက်သက်ကြီးကို လာလာကျဲတာပါ။ ဖိုက်တာ ၂ စီး ၁ စီးကို ၂ လုံး၊ ၂ စီးဆိုတော့ ၄ လုံးကျဲသွားပါတယ်။ ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၄ ယောက်ထဲက ပြည်သူ ၂ ဦး စိုးရိမ်ရတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၄ ဦးကတော့ နဘက်ကျေးရွာကပါ။ မိန်းကလေး ၂ ယောက်၊ ယောက်ကျားလေး ၂ ယောက်၊ စုစုပေါင်း ၄ ယောက်ပါ။ အသက်အရွယ်နဲ့ အမည်ကို ကျွန်တော်တို့ မသိရသေးဘူး။ ဆက်လက်စုံစမ်းနေဆဲပါ။ နေအိမ် ၁ လုံးပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အလားတူ နဘက်ကျေးရွာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော Gyrocopter ၂ စီးဖြင့် တိုက်ပွဲမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခြင်း ခံခဲ့ရဖူးသည်။
ထိုစဉ်ကလည်း ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။







