ရန်ကုန်၊ ဧပြီ ၄
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၄ ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလက်နက်ကြီးကျည်သည် ကျေးရွာအတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦးသေဆံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် ကျေးရွာပြင်ပကိုလည်း ကျရောက် ပေါက်ကွဲခဲ့ပြီး ထန်းတက်နေသော ပြည်သူ ၁ ဦး ထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ပြည်သူ ၂ ဦး သေဆုံးတာတော့ အတည်ပြုလို့ ရပါတယ်။ အမည်တွေနဲ့ အသက်တွေတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ မတ်လ ၁၈ ရက်နေ့ကလည်း ညောင်ဦးမြို့နယ်အနီးရှိ ကျောက်ပန်းတောင်းမြို့နယ်အပိုင် အင်ပင်ကြီးရွာကို အင်အား ၇၀ ခန့်ပါ စစ်တပ် စစ်ကြောင်းက သေနတ်များ၊ လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေသည့် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရသော ပြည်သူ ၅ ဦးဖြစ်သည့် အင်ပင်ကြီးကျေးရွာမှ အသက် ၄၀ နှစ်အရွယ် ဒေါ်စန်းခိုင်၊ ကိုမိုက်ခဲ၊ ကိုညီအောင် ၊ ကိုဇော်မျိုးအောင် နှင့် ကိုသူရလွင် တို့ကို အကြမ်းဖက် စစ်တပ်က PDF ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး လမ်းပိုင်းတနေရာတွင် နှိပ်စက် သတ်ဖြတ်ကာ ရွာပြင်တွင် ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း၊ ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများကို ဒေသပြည်သူများက မတ်လ ၂၄ ရက်နေ့တွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၆ ရက်နေ့ကလည်း ကမ်းဖြူရွာကို ဝင်ရောက်စီးနင်းပြီး အဖွားအို ၃ ဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မတ်လ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က စိုင်ဂေါင်းရွာမှ ပြည်သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ပြီး မတ်လ ၆ ရက်နေ့ ညနေပိုင်းတွင် ခါးပက်ရွာအနီးတွင် အမျိုးသား ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
photo credit – KPG Update News





