34 C
Yangon

မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိ ဖလန်းကိုင်း ရေနံမြေကို တစ်ပတ်အတွင်း ကြီးကြပ်ရေးအဖွဲ့က စီမံခန့်ခွဲမည်

Must read

ရန်ကုန်၊ ဧပြီ ၄

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိ ဖလန်းကိုင်း ရေနံမြေကို တစ်ပတ်အတွင်း ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ကာ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း NUG အစိုးရ ထုတ်ပြန်ချက်နှင့် တော်လှန် ရေးသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။

ယမန်နေ့ ဧပြီလ ၃ ရက်နေ့တွင် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့အတွင်းရှိ ရေနံတွင်းများနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ တာဝန်ရှိသူများက ဒုတိယအကြိမ် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများအား ဖြေရှင်းနိုင်မည့် သဘောတူညီမှုများရရှိကြောင်း အသိပေးထားသည်။

“တစ်ပတ်အတွင်း ရေနံကော်မတီဖွဲ့မယ်။ ပြည်ထောင်စုနဲ့ မကွေးဖက်ဒရယ် ယူနစ်က ဘယ်သူတွေပါလည်းဆိုတာ မသိရသေးဘူး။ ဆွေးနွေးနေတုန်းပါ။ မြေပြင်မှာက MOD PDF က စစ်ဆင်ရေး လုပ် မယ်လို့လည်း ပြောနေတယ်။ ပကဖ နဲ့ PDF အချင်းချင်း တိုက်ဖို့ အောက်ခြေ ရဲဘော်တွေက မလုပ် ကြပါဘူး။ ဒေသခံတွေကတော့ ပကဖကို ထောက်ခံတယ်။ စိုးရိမ်တော့ စိုးရိမ်နေကြတုန်းပဲ။ ရေနံ တွင်းတွေဆိုတာက ဒေသခံတွေအတွက် အသက်တမျှအရေးကြီးပါတယ်။” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေ စိုး၊ လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း ဦးဆောင်သည့် တာဝန်ရှိသူ များ၊ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်နှင့် မကွေးဖက်ဒရယ်ယူ နစ်လွှတ်တော်မှ ကိုယ်စားလှယ်တဦးတို့ ဦးဆောင်သည့် တာဝန်ရှိသူ များ ပူးတွဲ၍ မကွေးဖက်ဒရယ် ယူနစ်ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့ စည်းသွားမည်ဖြစ်ပြီး အဆိုပါ အဖွဲ့မှနေ၍ ရေနံမြေ၊ ရေနံလုပ်ငန်းများနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှု ဆိုင်ရာ ကိစ္စရပ်များကို ကြီး ကြပ်ဆောင်ရွက်သွားကြရန် ယမန်နေ့ မတ်လ ၃ ရက်နေ့ အစည်းအဝေးက အတည်ပြုဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။

ထို့အပြင် မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ကာကွယ်ရေးအဖွဲ့အစည်းများ ကွပ်ကဲမှု စနစ်တကျ ဖြစ် စေရေး၊ အမှုအခင်းများ ဖြေရှင်းဆောင်ရွက်ရေး၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ် များကိုလည်း မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံဆိုင်ရာဥပဒေနှင့်အညီ ကောင်းစွာ ပူး ပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း NUG အစိုးရ ထုတ်ပြန်ထားသည်။

ထိုသို့ NUG အစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်ကြားကာအစိုးရတို့အကြား အငြင်းပွားနေသည့် ဖလံကိုင်း ရေနံမြေကို စစ်တပ်က ယနေ့ ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ဂျက်ဖိုက်တာ ၅ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် PDF ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

“ရန်သူ စစ်ကောင်စီက အခုပဲ ဖလံကိုင်းရေနံမြေကို ဂျက်ဖိုက်တာ ၅ စီးနဲ့ ဗုံးလာကျဲသွားတယ်။ PDF ၄ ဦးကျတယ်။ ၃ ဦး ဒဏ်ရာရတယ်။ ပကဖ တွေကို ဝိုင်းထားတဲ့ MOD PDF တပ်ဖွဲ့ဝင်တွေပါ။ ပြည်သူတွေ ရော၊ ရဲဘော်တွေရော အားလုံး သတိဝရိယနဲ့ နေထိုင်စေချင်တယ်” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

ဓာတ်ပုံ – မကွေးတိုင်း အတွင်းရှိ ရေနံမှော်လုပ်ကွက်များ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article