ရန်ကုန်၊ ဧပြီ ၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် ဗျူဟာကုန်း ယနေ့ ညနေပိုင်းတွင် ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိသောကြောင့် လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းတွင် ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း စစ်တပ်ကဘက်မှ ထိခိုက်မှုရှိသောကြောင့် လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရသည်။
“ဖားကန့် စစ်ခွေး ဗျူဟာကုန်းကို ဒရုန်းနဲ့ သွားပစ်တာလို့ သိရတယ်။ အဲတာ ခွေးတွေ အထိနာသွားပုံရတယ်။ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကို ရမ်းသမ်းပစ်နေတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ဧပြီလ ၃ ရက်နေ့ကလည်း ဗျူဟာကုန်းပေါ်ကို KIA ပူးပေါင်းတပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗုံးများကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖားကန့်မြို့ မှော်ဝမ်းအနီးရှိ စစ်စခန်းများ တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မှော်ဝမ်း သင်းချိုင်းအနီးရှိ ကာကင်းစခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ စခန်းများ လက်လွှတ်လိုက်ရသည့် အတွက် စစ်တပ်က ၂ ရက်ဆက် လေယာဉ်များဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ – ယမန်နေ့က ဗုံးများ ကျရောက်ပေါက်ကွဲ၍ မီးလောင်ခဲ့သော စစ်တပ် ဗျူဟာကုန်း




