27 C
Yangon

စစ်တပ်က လေယာဉ်ဆီ မပေးတော့၍ မြန်မာနိုင်ငံသို့ ပျံသန်းနေသည့် နိုင်ငံတကာလေကြောင်းလိုင်းများ အသွားအပြန်အတွက် ဆီအပြည့်ဖြည့်ပြီးမှ ရန်ကုန်လေဆိပ်သို့ ပျံသန်းနေရ

Must read

ရန်ကုန်၊ ဧပြီ ၅

စစ်တပ်က လေယာဉ်ဆီ မပေးတော့၍ မြန်မာနိုင်ငံသို့ ပျံသန်းနေသည့် နိုင်ငံတကာလေကြောင်းလိုင်းများ အသွားအပြန်အတွက် ဆီအပြည့်ဖြည့်ပြီးမှ ရန်ကုန်လေဆိပ်သို့ ပျံသန်းနေရကြောင်း သိရှိရသည်။

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီစျေးကွက် ရိုက်ခတ်မှုဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့တွင် လေယာဉ်ဆီ (Jet Fuel) ရရှိရန် အခက်အခဲများ ကြုံတွေ့နေရကြောငး၊ ထို့ကြောင့် အိန္ဒိယအမျိုးသားလေကြောင်းလိုင်း (Air India) သည် ရန်ကုန်သို့ ပျံသန်းသည့် ခရီးစဉ်များအတွက် အိန္ဒိယနိုင်ငံမှပင် အသွားအပြန်စာ လောင်စာဆီကို အပြည့်ဖြည့် တင်း၍ ပျံသန်းနေရကြောင်း အိန္ဒိယလေကြောင်းလိုင်းက ထုတ်ဖော်ပြောဆိုထားသည်။

Air India သည် ဒေလီ-ရန်ကုန်-ဒေလီ (Delhi-Yangon-Delhi) တိုက်ရိုက်ခရီးစဉ်များတွင် မြန်မာနိုင်ငံ၌ ဆီဖြည့်ရန် စိတ်မချရတော့သည့်အတွက် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှ ထွက်ခွာကတည်းက လေယာဉ်ပေါ်တွင် အပြန်ခရီးအတွက်ပါ လုံလောက်မည့် လောင်စာဆီကို တစ်ခါတည်း အပြည့်ဖြည့်တင်း (Tanking up) ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မှ အိန္ဒိယသို့ အပြန်ခရီးစဉ်အတွင်း ရန်ကုန်မှအထွက်တွင် ဆီထပ်မဖြည့်ဘဲ အိန္ဒိယနိုင်ငံ၊ ကာလ်ကတ္တားမြို့ (Kolkata) တွင် ခေတ္တရပ်နားကာ လောင်စာဆီ ပြန်လည်ဖြည့်တင်းပြီးမှ ဒေလီသို့ ဆက်လက်ပျံသန်းသည့် နည်းလမ်းကို အသုံးပြုနေရကြောင်း သိရှိရသည်။

အီရန်နှင့် အစ္စရေးတို့အကြား တင်းမာမှုများကြောင့် ကမ္ဘာ့ရေနံတင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့နိုင်ခြေရှိနေခြင်းက လောင်စာဆီစျေးနှုန်းကို အဆမတန် မြင့်တက်စေခဲ့ကြောင်း၊ ကုန်ကျစရိတ် မြင့်တက်ခြင်း: ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့မှစတင်ကာ နိုင်ငံတကာခရီးစဉ်သုံး လေယာဉ်ဆီ (ATF) အခြေခံစျေးနှုန်းမှာ ယခင်ထက် နှစ်ဆကျော် မြင့်တက်သွားခဲ့ကြောင်း၊ လေကြောင်းလိုင်းများ၏ လုပ်ငန်းလည်ပတ်မှုစရိတ်မှာ ၁၃၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ့ကဲ့သို့သော နိုင်ငံများတွင် လေယာဉ်ဆီ တင်သွင်းမှုနှင့် ဖြန့်ဖြူးမှုအပိုင်း၌ အခက်အခဲများရှိနေခြင်းကြောင့် လေကြောင်းလိုင်းများအနေဖြင့် အရန်အစီအစဉ် (Contingency Plans) များကို အသုံးပြုလာရခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်တပ်လက်အောက်ရှိ ​စစ်လေယာဉ်များအတွက် လေယာဉ်ဆီ ရရှိမှု ခက်ခဲလာသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆင်းသက်သည့် နိုင်ငံတကာ လေကြောင်းလိုင်းများမှ ကုန်တင်နှင့်ခရီးသည်တင်လေယာဉ်များကို လေယာဉ်ဆီ ပေးတော့မည်မဟုတ်ကြောင်း စစ်တပ်က မတ်လ ၁၈ ရက်နေ့ကတည်းက တရားဝင် အသိပေးကြေညာခဲ့သည်။

စစ်ကော်မရှင်လက်အောက်ခံ NEPAS- Airport Depot Office (National Energy Puma Aviation Services)က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆင်းသက်သည့် ပြည်ပလေကြောင်းလိုင်းများမှ ကုန်တင်နှင့်ခရီးသည်တင်လေယာဉ်များအားလုံးကို လေယာဉ်ဆီပေး တော့မည်မဟုတ်ဟု အီးမေးလ်ဖြင့် တရားဝင် အသိပေးအကြောင်းကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ပြီး အမေရိကန်-အစ္စရေးတို့က အီရန်နိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီး ယခု ၁ လကျော်ကြာမြင့်သည်အထိ ဟော်မုခ်ရေလက်ကြား ပိတ်ဆို့နေခြင်းကြောင့် ရေနံတင်သင်္ဘောများ ထွက်ခွာခွင့်မရဘဲ လေယာဉ်ဆီ အပါအဝင် စက်သုံး လောင်စာဆီများ ကမ္ဘာတစ်ဝန်း ပြတ်လပ်နေပြီး စျေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article