27 C
Yangon

မိတ္ထီလာ ရှမ်းတဲလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈ ဦးနှင့် ဝန်ထမ်း ၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကားဂိုဒေါင် ၂ လုံးထိမှန်ကာ ကား ၁ စီးမီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၅

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ရှမ်းတဲလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၈ ဦးနှင့် ဝန်ထမ်း ၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကားဂိုဒေါင် ၂ လုံးထိမှန်ကာ ကား ၁ စီးမီးလောင်ပျက်စီးခဲ့ကြောင်း လေတပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၄ နာရီ ၂၆ မိနစ်ခန့်တွင် BWM ၏ Mission 55 အဖြစ် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်း ဌာနချုပ်အတွင်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁ဝ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက် နိုင်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ရှမ်းတဲလေတပ်အတွင်းရှိ စစ်သား ၈ ဦးနှင့် ဝန်ထမ်း ၆ ဦး ထိခိုက် ဒဏ်ရာရရှိကာ သေဆုံးသူမရှိကြောင်း၊ ထို့ပြင် လေတပ်အတွင်းရှိ ကားများထားရှိသည့် ဂိုဒေါင် ၂ လုံးလည်း ရှော့တိုက်ဒုံး ထိမှန်ခဲ့ပြီး ကား ၁ စီးမီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်သား ၈ ကောင်နဲ့ ဝန်ထမ်း ၆ ဦး ထိခိုက်ဒဏ်ရာရတယ်။ သေဆုံးမှုတော့ မရှိဘူး။ နောက်ပြီး အဆောက်အဦး ၂ လုံး ထိတာက ကားထားတဲ့ ဂိုဒေါင်လို့ သိရတယ်။ ပျက်စီးမှု အနေနဲ့ကတော့ ကားတစ်စီး မီးလောင်တယ်” ဟု လေတပ် သတင်းရင်းမြစ်က ပြောဆိုသည်။

မိတ္ထီလာ လေတပ်စခန်း ဌာနချုပ်သည် အကြမ်းဖက် စစ်တပ်အတွက် ပြည်သူများကို ဗုံးကျဲ သတ်ဖြတ်ပေးနေသော လေသူရဲများကို မွေးဖွားပေးရာနေရာ ဖြစ်ပြီး စစ်ကောင်စီ၏ လေတပ်စခန်းတို့၏ အဓိကခေါင်ချုပ် လေတပ်ဌာနချုပ်ဖြစ်ကြောင်း၊ ထို့ပြင် လေကြောင်း တိုက်ခိုက်မှု အားလုံးအတွက် အခရာကျသော စစ်တပ်၏ အားအထားရဆုံး လေတပ်စခန်း ဌာနချုပ်လည်းဖြစ်၍ BWM နှင့် မဟာမိတ် အဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် No More Dictatorship (NMD-PDF) Shadow(Mandalay)အဖွဲ့၊ မိုးမခတပ်ဖွဲ့ (ညောင်ဦးခရိုင် ပကဖ) နှင့် Satan အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး ယင်းတိုက်ခိုက်မှုတွင် အားဖြည့်ပါဝင်ပေးသော တောင်သာ ပလဖ အဖွဲ့နှင့် နယ်မြေခံအဖွဲ့တို့ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း BWM အဖွဲ့က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article