ရန်ကုန်၊ ဧပြီ ၅
မြန်မာနိုင်ငံတစ်ဝန်း စိုက်ပျိုးရေးရာသီအတွက် လယ်ယာသုံးစက်ကိရိယာများ၏ စက်သုံးဆီ ရောင်းချရာတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ ထောက်ခံချက်ပါမှသာ ရောင်းချပေးရန် ဆီဆိုင်များကို ညွှန်ကြားထားကြောင်း စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခု ဧပြီလဆန်းပိုင်းအတွင်း ထွက်ရှိလာသော စစ်တပ်၏ ညွှန်ကြားစာတွင် လယ်ယာကုန်ထုတ်လုပ်ငန်းများအတွက် စက်သုံးဆီများ စနစ်တကျဖြန့်ဖြူးနိုင်ရေး လယ်ယာသုံးထွန်စက်များနှင့် ရေတင်စက်များအတွက် ဆီရောင်းချပေးရာတွင် သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ ထောက်ခံချက်နှင့် မှတ်ပုံတင်စာအုပ်များ ပါရှိမှသာ ရောင်းချပေးရန် စက်သုံးဆီအရောင်းဆိုင်များသို့ ညွှန်ကြားလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။
စက်သုံးဆီဝယ်ယူခွင့် ထောက်ခံချက်တွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသည့် ကျေးရွာ၊ ကွင်းအမှတ်၊ တောင်သူအမည်နှင့် စိုက်ဧကအပြင် တစ်ရက်ထွန်ယက်နိုင်မှုနှုန်းနှင့် ရေတင်ရန် အမှန်တကယ်လိုအပ်မည့် ဆီပမာဏ (ဂါလန်) တို့ကို တိကျစွာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဝယ်ယူမည့် စက်သုံးဆီဆိုင်အမည်ကိုပါ တစ်ပါတည်း ဖော်ပြပါရှိရမည် ဖြစ်ကြောင်း သိရှိရသည်။
စက်သုံးဆီအရောင်းဆိုင်များအနေဖြင့်လည်း ဆီရောင်းချရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ထားရာ အခြားသုံးလယ်ဂျာစာရင်းတွင် မဖြစ်မနေစာရင်းသွင်းရန်နှင့် ထွန်စက်တစ်စီးချင်း၊ ရေတင်ပန့်တစ်လုံးချင်းအလိုက် မှတ်ပုံတင်စာအုပ်များ ပြုလုပ်ထားရှိရန် စစ်တပ်၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် အရောင်းဆိုင်များအနေဖြင့် နေ့စဉ်ရောင်းချမှု အခြေအနေများကို သက်ဆိုင်ရာ လယ်ယာသုံးဂရု (Group) များတွင် နေ့စဉ်မပြတ် တင်ပြသွားရမည် ဖြစ်သည်ဟု သိရှိရသည်။
စစ်တပ်၏ ညွှန်ကြားချက်ကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းခွင်အတွက် စက်သုံးဆီ ရှုရှိရန် အခက်အခဲများဖြစ်နေကြကြောင်း၊ ဒီဇယ်ဆီရရှိရေးအတွက် အဆင့်ဆင့် ဖြတ်သန်းလုပ်ဆောင်နေရသဖြင့် လုပ်ငန်းများ နှောင့်နှေးနေကြောင်း သိရှိရသည်။
“ဒီဇယ်က လိုသလောက်မရဘူး။ စျေးကလည်း တက်နေတော့။ ဘယ်လိုမှကို စိုက်ပျိုးရေးအတွက် စိုက်ထုတ်မလုပ်နိုင်တော့ဘူး။ ပြင်ပစျေးကွက်မှာလည်း ဒီဇယ်တစ်ပါတီကို သိန်းအစိတ် (ငွေကျပ် ၂၅ သိန်း) လောက်အထိကို တက်နေတာ” ဟု ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ လယ်ဧက ၁၀၀ နီးပါးပိုင်ဆိုင်သော တောင်သူတစ်ဦးက ရှင်းပြသည်။
စစ်တပ်က စက်သုံးဆီများကို လုံလောက်စွာ မပေးနိုင်တော့သဖြင့် ပုံစံအမျိုးမျိုး စည်းကမ်းအမျိုးမျိုးဖြင့် တင်းကျပ်မှုများကို လုပ်ဆောင်လာကြောင်း စက်သုံးဆီအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
ဓာတ်ပုံ-မွန်ပြည်နယ်၊ပေါင်မြို့နယ်မှာ စက်သုံးဆီဝယ်ယူရန် တောင်သူများက ရေတင်စက်များကို ဆီဆိုင်အထိ ယူဆောင်လာ၍ တန်းစီးနေရစဉ်။
Photo- နေ့သစ်





