ရန်ကုန်၊ ဧပြီ ၅
မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ရမ်းသမ်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လာမည့်အတာသင်္ကြန်ကာလတွင် လူစုလူဝေးပွဲလမ်းသဘင်များ မပြုလုပ်ကြရန်နှင့် လေကြောင်းရန်ကို အထူးသတိပြုကြရန် ဒေသအုပ်ချုပ်ရေးအဖွဲ့များက သတိပေးချက်များ ထုတ်ပြန်ထားသည်။
ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က သင်္ကြန်ကာလအတွင်း ဘာသာရေးနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ အခမ်းအနားများကို သက်ဆိုင်ရာ ရပ်ကျေး ပအဖ၊ ပကဖ၊ ပလဖ အဖွဲ့များနှင့် ကြိုတင်ညှိနှိုင်းပြီး ဘေးကင်းလုံခြုံရေး အစီအမံများဖြင့်သာ ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
စစ်ကောင်စီတပ်သည် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အလှူမင်္ဂလာပွဲများပါမကျန် လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးအသိ၊ သတိဖြင့် ဖြတ်သန်းကြရန် နှိုးဆော်ထားခြင်းဖြစ်သည်။
အလားတူ ယနေ့ (ဧပြီလ ၅ ရက်) နံနက် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့နယ် အနောက်မြောက်ခြမ်းရှိ တောတွင်းတစ်နေရာကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ (Jet Fighter) နှစ်စီးဖြင့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် တောထဲရှိ ကွမ်းခြံရေပေးဝေသည့် ဆိုလာပြားများနှင့် တဲတစ်လုံး ပျက်စီးသွားခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ပြည်သူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း Knight Commanders အဖွဲ့မှ သိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူး။ တောထဲမှာ ရှိတဲ့ ကွမ်းခြံကို ရေပေးတဲ့ ဆိုလာပြားနှင့် တဲများ ပျက်စီးသွားတယ်။ ပြည်သူများအနေဖြင့် လေကြောင်းနှင့် စစ်ကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ချဖို့ ပြောချင်ပါတယ်”ဟု Knight Commanders အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
အရာတော်မြို့နယ်အတွင်း ပြီးခဲ့သည့် ဇန်နဝါရီလကလည်း မူကြိုကျောင်းတစ်ကျောင်း ဗုံးကျဲခံရမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူနှစ်ဦး သေဆုံးခဲ့သည့် သာဓကများ ရှိခဲ့သည်။
ထို့ကြောင့် တော်လှန်ရေးအင်အားစုများက ပြည်သူများအနေဖြင့် လေကြောင်းသတင်းကို အမြဲနားစွင့်နေကြရန်နှင့် ဗုံးခိုကျင်းများ စနစ်တကျ တူးထားကြရန် အလေးအနက် တိုက်တွန်းထားပါသည်။
လက်ရှိတွင် စစ်ကောင်စီသည် မြေပြင်စစ်ကြောင်းများအပြင် ဝေဟင်မှပါ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများ လျော့ပါးသွားခြင်းမရှိသည့်အတွက် ယခုနှစ် အတာသင်္ကြန်ကို ပျော်ပွဲရွှင်ပွဲများထက် ဘေးကင်းလုံခြုံရေးကိုသာ ပထမဦးစားပေးအဖြစ် ထားရှိကြရန် ဒေသခံအုပ်ချုပ်ရေးအဖွဲ့များက နှိုးဆော်ထားခြင်း ဖြစ်သည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးမှုများကို တွေ့ရစဉ်။






