ရန်ကုန်၊ ဧပြီ ၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ အမှတ် ၈ ကားလမ်းမကြီးပေါ်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရာမညမွန်တပ်တော် (RMA) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း RMA-Ramonnya Mon Army အဖွဲ့ထံမှ သိရသည်။
ဧပြီလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မုဒုံမြို့နယ်၊ အမှတ် ၈ ကားလမ်းမကြီးပေါ်ရှိ ရောင်းဒေါင်းကျေးရွာနှင့် ကွမ်လှာကျေးရွာအကြား၊ ဇရပ်တစ်နေရာတွင် အခြေပြုနေသည့် အင်အား ၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ရာမညမွန်တပ်တော် (RMA) က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း RMA ဒရုန်းတပ်ဖွဲ့ကလည်း ဒရုန်းဗုံးသီး ၂ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲမှာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေးရဲဘော်များဘက်မှ ထိခိုက်မှုမရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
RMA-Ramonnya Mon Army အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “စစ်ခွေး အင် အား ၂၀ ခန့် ရှိပါတယ်။ စစ်ခွေးဘက် ထပ်တိုးသေဆုံးတာ ရှိ၊ မရှိ စုံစမ်းနေတုန်းပါ။ စစ်ခွေး ၁ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရတယ်။ မုဒုံမြို့နယ် အမှတ် ၈ ကားလမ်းမကြီး၊ ရောင်းဒေါင်း နှင့် ကွမ်လှာ ကျေးရွာအကြားမှာ စစ်တပ်က ကင်းယူထားတာ”ဟု ရှင်းပြသည်။
ယခုတိုက်ခိုက်မှုကို ရာမညမွန်တပ်တော် (RMA) မှ ရဲဘော်များက စနစ်တကျ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေများကို ဆက်လက်အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် အင်အား ၄၀၀ ဝန်းကျင်ပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် နတ်မောက်မြို့နယ်၊ ကျောက်မိုးကျေးရွာနှင့် လျော်ချောင်းကျေးရွာကြားရှိ တောင်တန်းတစ်နေရာ၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ကြောင်းသည် နေပြည်တော်၊ မိတ္ထီလာ၊ တောင်တွင်းကြီး ကပစ ၁၇ နှင့် ရွာမွန်စစ်တပ်တို့မှ ပူးပေါင်းထားသည့် အင်အားအလုံးအရင်းပါ စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးခဲ့ပြီး သေဆုံးသွားသည့် စစ်သားအလောင်းများကို သုံးဘီးဆိုင်ကယ်များဖြင့် လာရောက်သယ်ဆောင်သွားခဲ့ကြသည်။ ထို့ပြင် နေပြည်တော်တပ်ရင်း ၉၀၃ စခန်းအား စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က “ဖြစ်စဉ်ကတော့ မနေ့က နေပြည်တော်တပ်ရင်း ၉၀၃ တပ်ရင်းစခန်းကိုလာပြီးတော့ မီးရှို့တာ။ ရဲဘော်တွေနေတဲ့ စခန်းတွေ၊ ကတုတ် ကျင်းတွေကို မီးဝင်ရှို့တာ။ မီးရှို့တဲ့အချိန်မှာ ကျနော်တို့ ဝိုင်းပြီး ပစ်လိုက်တာ။ ထိုးတဲ့စစ်ကြောင်းမှာ မိတ္ထီလာတပ်ပါတယ်၊ ကပစ ၁၇ တောင်တွင်းကြီးတပ်၊ ရွာမွန်စစ်တပ် ဒီတပ်တွေပါတယ်။ စစ်ခွေးတွေ အင်အားကတော့ တော်တော်လေးများတယ်။” ဟုပြောဆိုသည်။
ယခုခုခံတိုက်ခိုက်မှုကို နေပြည်တော်တပ်ရင်း ၉၀၃ နှင့် တပ်ရင်း ၉၀၂ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။






