ရန်ကုန်၊ ဧပြီ ၆
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ပြည်သူများကို ဒရုန်းဖြင့် ဗုံးကျဲ သတ်ဖြတ်နေသည့် အကြမ်းဖက် စစ်တပ်က ပန်းပေါင်းရွာကို မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၅ ရက်နေ့က အောင်သာရွာကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေစမ်းချောင်းရွာပေါ်ကို ဒရုန်းဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၅၈ နှစ် အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ နွား ၂ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ယနေ့ မတ်လ ၆ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် ပန်းပေါင်းရွာလမ်းဆုံမှ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်ထိ ပျက်စီးဆုံးရှုံးသွားသော နေအိမ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြည်သူများလည်း တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“မနေ့က စစ်ခွေးတွေ ရွာတွေကို ဒရုန်းနဲ့ ဗုံးပတ်ကျဲလို့ ပြည်သူ ၂ ဦးသေဆုံးတယ်။ ဒီနေ့ကလည်း အဲစစ်ခွေးစစ်ကြောင်းက ပန်းပေါင်းရွာကို ဝင်ရောက် စီးနင်းမီးရှို့နေတယ်။ ပြည်သူတွေလည်း တိမ်းရှောင်နေရတော့ ရွာထဲက ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မတ်လ ၃၁ ရက်နေ့တွင် ကျောက်ကြီးမြို့နယ် အတွင်းရှိ ကော်သာစေးကျေးရွာသား အသက် ၃၆ နှစ်အရွယ် စောအယ်ကော်ထူးသည် ထင်းခွေသွားချိန် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး ညာခြေထောက် တစ်ဖက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့ရာ ကြိတ်ကွင်းကျေးရွာ အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
မုန်းမြို့နယ်တွင်လည်း မတ်လ ၃၀ ရက်နေ့က တောင်ငူလေတပ်မှ တက်လာသော စစ်တပ် လေယာဉ်က အုန်းတောကွင်းရွာထဲကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၂၃ နှစ်အရွယ် မသင်းမြသူ နှင့် အသက် ၄ နှစ်အရွယ် မစန်းသော်တာတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်သည် ညောင်လေးပင်ခရိုင်အတွင်း နေထိုင်သော ပြည်သူလူထုများကို ပစ်မှတ်ထား၍ လက်နက်ကြီး၊ ဒရုန်းနှင့် လေယာဉ်တို့ဖြင့် တိုက်ခိုက်လျက်ရှိသောကြောင့် နေ့စဉ်နှင့် အမျှ အရပ်သား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းဥစ္စာများ ထိခိုက်ပျက်စီးဆုံးရှုံးကာ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများစွာဖြင့် အသက်ရှင်နေထိုင်နေကြောင်း KNU ဗဟိုက ပြောဆိုထားသည်။






