27 C
Yangon

မင်းဘူးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ရွာပေါင်း ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဧပြီ ၆

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၅,၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းထံမှ သိရသည်။

မတ်လ ၂၉ ရက်နေ့မှ စတင်၍ မင်းဘူးမြို့နယ်အတွင်း အင်အား ၁၂၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များကို မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ရှော်ဖြူတောကျေးရွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့သည်။

မတ်လ ၃၁ ရက်နေ့တွင်လည်း မုတ္ထောကြီးကျေးရွာမှတစ်ဆင့် မရှက်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် မင်းဘူးခရိုင် အမှတ် ၄၊ ၆ နှင့် ၇ တပ်ရင်းများက ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် စစ်တပ်စစ်ကြောင်း ရှေ့မတိုးနိုင်ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ဧပြီလ ၁ ရက်နေ့တွင် မင်းရွာနှင့် မရှက်ရွာကြား၌ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အထိနာသွားသော စစ်ကောင်စီတပ်က ဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ မရှက်ရွာမှ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြေပြင်တိုက်ပွဲများတွင် အရေးနိမ့်ခဲ့သော အကြမ်းဖက်စစ်တပ်သည် ဧပြီလ ၃ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကြီးကန်ကျေးရွာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ကြီးကန်ရွာမှ ပြည်သူ ၁ ဦး ဒဏ်ရာရရှိကာ နေအိမ် ၃ လုံး၊ စပါးကျီ ၁ လုံးနှင့် စာသင်ကျောင်းဆောင် ၁ ခု ထိခိုက်ပျက်စီးခဲ့သည်။

မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက “လက်ရှိ တိုက်ပွဲတွေမှာ စစ်သား ၁၀ ဦးကျော် ဒဏ်ရာရတယ်လို့ သိရပါတယ်။ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးတော့ မရှိဘူး။ မကွေးမြို့ တပ်မ ၈၈ က ထုတ်နှုတ်အင်အားတွေနဲ့ မင်းဘူး (စကု) နယ်က ခလရ ၈၈ နဲ့ နယ်မြေခံ ပျူစောထီးတွေ ပါတဲ့ စစ်ကြောင်းပါ။ ခွေးစစ်ကြောင်းကတော့ မကွေးမြို့ဘက်ကို ပြန်ဆုတ်သွားပါပြီ။”ဟု ပြောဆိုသည်။

စစ်ကောင်စီ၏ စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၄,၀၀၀ နှင့် ၅,၀၀၀ ကြားသည် လက်ရှိတွင် အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကြောင်းတွင် ပါဝင်နေသော စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့ စစ်များကို လွတ်အောင်ပြေးကြရန်နှင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်နှင့် ဝေးရာတွင် နေထိုင်ကြရန် သတိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article