ရန်ကုန်၊ ဧပြီ ၆
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဘုန်းကြီးတစ်ပါး မောင်းနှင်လာသော ကားက ဝင်တိုက်မိရာ စစ်သား ၂ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးနောက် စစ်တပ်ဘက်က အဆိုပါဘုန်းကြီးကို သေနတ်ဖြင့်ပစ်ခတ်ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ဧပြီလ ၄ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ အင်းဇောက်ရွာဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးသည် ဆွမ်းစားပင့်ဖိတ်ချက်ရှိသဖြင့် ကိုယ်တိုင်ကားမောင်းကာ လောင်းလုံးမြို့ပေါ်သို့ ကြွရောက်လာခဲ့သည်။
ထိုသို့ကြွလာစဉ် လောင်းလုံးမြို့ ဆေးရုံအနီး၌ ကင်းလှည့်နေသည့် စစ်သားများကို ကားဖြင့်ဝင်တိုက်မိသည့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ဝင်တိုက်မိမှုကြောင့် ကင်းလှည့်နေသည့် စစ်သား ၂ ဦးမှာ အရိုးကျိုးခြင်းနှင့် ကွဲပြဲဒဏ်ရာများဖြင့် ပြင်းထန်စွာ ထိခိုက်ခဲ့သဖြင့် ဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူနေရသည်။
တစ်ချိန်တည်းမှာပင် အနီးရှိစစ်သားများက ဘုန်းကြီးမောင်းနှင်လာသည့် ကားကို သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြပြီး၊ ဘုန်းကြီးကိုလည်း ရိုက်နှက်ကာ လောင်းလုံးမြို့ပေါ်ရှိ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
“စစ်ခွေးတွေက သေနတ်နဲ့ ဝိုင်းပစ်ပြီး ဘုန်းကြီးကို ရိုက်နှက်ဖမ်းဆီးသွားတာ။ ခုထိတော့ ပြန်လွှတ်တယ်လို့ မကြားရသေးဘူး။ စစ်သားတွေ ဝိုင်းပစ်တာ အချက်ရေမနည်းဘူး၊ ကားတစ်စီးလုံး ကျည်ဒဏ်ရာတွေချည်းပဲ။ ကံကောင်းတာက ဘုန်းကြီးက ကျည်မထိဘဲ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရတာ။ ဘုန်းကြီးဝင်တိုက်လိုက်လို့ စစ်သား ၂ ယောက်ကတော့ အရိုးကျိုး၊ ကွဲပြဲပြီး ပြင်းထန်ဒဏ်ရာနဲ့ ဆေးရုံရောက်နေတယ်လို့ သိရတယ်။”ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်သည် ဖမ်းဆီးသွားသည့် ဘုန်းကြီးကို လက်ရှိအချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးဘဲ လောင်းလုံးမြို့မရဲစခန်းအတွင်း၌ ရိုက်နှက်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။




