30 C
Yangon

တောင်သာရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီး၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး မြေပြင် စစ်ကြောင်းကလည်း ပြည်သူများကို လိုက်လံ ဖမ်းဆီးနေ

Must read

ရန်ကုန်၊ ဧပြီ ၆

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးပြီး မြေပြင် စစ်ကြောင်းကလည်း ပြည်သူများကို လိုက်လံ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အောင်သာရွာကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေ‌စမ်းချောင်းရွာပေါ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၅၈ နှစ် အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီးများက ပန်းပေါင်းရွာကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၆၀ ကျော်အရွယ် လင်မယား ၂ ဦးနှင့် အသက် ၃၂ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး နေအိမ် ၄ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပန်းပေါင်းရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ကျေးရွာဘုန်းကြီးတွင် တပ်စွဲထားပြီး ပြည်သူများကို လိုက်လံ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“မနေ့က စစ်ခွေးစစ်ကြောင်းက အောင်သာရွာမှာ တပ်စွဲထားတဲ့ စစ်ခွေး စစ်ကြောင်းက ရွှေ‌စမ်းချောင်းရွာကို ဒရုန်းဗုံးကျဲလို့ အသက် ၆၁ နှစ်နဲ့ အသက် ၅၈ နှစ် အရွယ် အမျိုးသမီးကြီး ၂ ဦးသေဆုံးတယ်။ မွန်းလွဲပိုင်းကလည်း ပန်းပေါင်းကျေးရွာကို စစ်ခွေးတွေက စက်တပ်လေထီးနဲ့ ဗုံးကျဲလို့ အသက် ၆၀ အရွယ် လင်မယား ၂ ဦးနဲ့ အသက် ၃၂ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးတယ်။ နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်ဆီးသွားတယ်။ ဒီနေ့မှာ စစ်ခွေးတွေက ပန်းပေါင်းရွာကို ရောက်ရှိနေတယ်။ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ထားတယ်။ ရွာထဲက ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားပြီး ပြည်သူတွေကို လိုက်လံ ဖမ်းဆီးနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေသည့် အတွက် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ – တောင်သာမြို့နယ်အတွင်းရှိ ပဲခင်းကျော်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးထားမှု (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article