ရန်ကုန်၊ ဧပြီ ၆
မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ငြင်းပယ်ရုံသာမက စစ်တပ် လက်အောက်ခံ ဗဟိုဘဏ်နှင့်ဘဏ်များကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် ဩစတြေးလျအထက်လွှတ်တော်က ဩစတြေးလျအစိုးရသို့ တောင်းဆို အကြံပြုလိုက်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်၏ ရွေးကောက်ပွဲများကို အသိအမှတ်မပြုဘဲ ငြင်းပယ်ရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားသော ဘဏ်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ဩစတြေးလျအထက်လွှတ်တော်၏ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကော်မတီက ဩစတြေးလျအစိုးရသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
အဆိုပါကော်မတီသည် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး” (Democracy and human rights in Myanmar) ဆိုင်ရာ အစီရင်ခံစာကို ၂၀၂၆ ခုနှစ်၊ မတ်လ တွင် တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး အစီရင်ခံစာတွင် ဩစတြေးလျအစိုးရအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ ပိုမိုပြတ်သားသော မူဝါဒများ ချမှတ်ဆောင်ရွက်ရန် အချက် ၅ ချက်ဖြင့် အကြံပြုထားသည်။
စစ်အုပ်စုက ၎င်းတို့၏ အုပ်ချုပ်ရေးကို ‘တရားဝင်မှု’ အရေခြုံနိုင်ရန် ကြိုးပမ်းနေသည့် ၂၀၂၅-၂၆ ရွေး ကောက်ပွဲများကို ပြတ်ပြတ်သားသား ငြင်းပယ်ရန် ကော်မတီက အကြံပြုထားသည်။ ထို့အပြင် စစ်အုပ်စုအား သံတမန်ရေးရာ၊ ပါလီမန်ဆိုင်ရာနှင့် ဒေသတွင်း ဖိုရမ်များတွင် လက်ခံခြင်းဖြင့် စစ်အုပ်ချုပ်ရေးကို ပုံမှန်အခြေအနေကဲ့သို့ ဖြစ်အောင် လုပ်ဆောင်မည့် ကြိုးပမ်းမှုမှန်သမျှကို တက်ကြွစွာ ကန့် ကွက်ရန်လည်း ပါရှိသည်။
ကော်မတီ၏ အဓိက အကြံပြုချက်များထဲတွင် စစ်ကောင်စီ၏ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်နိုင်ရန် မြန်မာစစ်တပ်၏ လက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် စစ်အုပ်စုထိန်းချုပ်ထားသော အခြားဘဏ်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ (Sanctions) ချမှတ်ရန်၊ မြန်မာစစ်အုပ်စုထံသို့ လေယာဉ်ဆီ တင်ပို့မှုများကို အနှောင့်အယှက်ပေးရန်နှင့် ဒဏ်ခတ်ပိတ်ဆို့ရန်၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို အမေရိကန်ပြည်ထောင်စုကဲ့သို့သော အဓိကမဟာမိတ်နိုင်ငံများနှင့် တစ်ပြေးညီဖြစ်စေရန် ဆောင်ရွက်ရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခသည် ယခုအခါ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုတစ်ခုသာမကတော့ဘဲ ဒေသတွင်းလုံခြုံရေး၊ ရွှေ့ပြောင်းနေထိုင်မှု ဖိအားများနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကွန် ရက်များအထိ ဆက်စပ်နေသော မဟာဗျူဟာမြောက် စိန်ခေါ်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကော်မတီက ထောက်ပြထားသည်။ ထို့ကြောင့် စစ်အုပ်စုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို ရှောင်ရှားရန် မူဝါဒကို ဆက်လက်ထိန်းသိမ်းထားရန်လည်း ဆက်လက်တိုက်တွန်းထားသည်။
အဆိုပါ မြန်မာ့အရေး အကြံပြု အစီရင်ခံစာသည် ဩစတြေးလျအထက်လွှတ်တော်မှ မြန်မာ့အရေးအပေါ် နောက်ဆုံးထုတ်ပြန်လိုက်သည့် အရေးပါသော လမ်းညွှန်ချက်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ အကြမ်းဖက် သန်းသန်းဆွေ။




