ရန်ကုန်၊ ဧပြီ ၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများနေထိုင်သော ဆင်အင်းကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့မှ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဧပြီလ ၆ ရက်နေ့တွင် စစ်တပ်၏ မိတ္ထီလာလေတပ်နှင့် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် စစ်ဘေးရှောင် ပြည်သူများနေထိုင်သော ဆင်အင်းကျေးရွာဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရကာ ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်းသိရှိရသည်။
“တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ စစ်ရေးလှုပ်ရှားရာ နေရာမဟုတ်ဘူး။ စစ်ရှောင် ကလေးငယ်တွေကို ဆရာတော်က စာသင်ပေးနေတာပါ။ ဆရာတော် ၁ ပါး ပျံလွန်တော်မူသွားတယ်။ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၂ ဦးက အမျိုး သား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးလို့ သိရတယ်။ အသက်အရွယ်တွေကတော့ မသိရသေးဘူး။ စစ်ခွေးတွေက ၇ ကြိမ်လောက် ဗုံးကျဲတာကို ကြားလိုက်ရတယ်။ မကွဲသေးတဲ့ ဗုံးသီးတွေရှိတယ်လို့လည်း သိရတယ်။ အရေအတွက်ကို မသိရသေးဘူး”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့မှ တာဝန်ခံ ကိုကြီးဖြိုးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ရေကတောရွာမှ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာကို နေရာကို စစ်တပ်က လေယာဉ် ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးနှင့် မကွေးလေတပ်မှ တက်လာသော လေယာဉ် ၃ စီးသည် ရေကတောရွာမှ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် နေရာကို ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ကျွဲ၊ နွားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
“ပြည်သူတွေ ထိခိုက်တာတော့မရှိပါဘူး။ ကျွဲ၊ နွားတွေတော့ ထိခိုက်သေဆုံးတာရှိတယ်။ စစ်ခွေးတွေက စစ်ရှောင် ပြည်သူတွေ နေထိုင်တဲ့ နေရာကို ဗုံးကျဲသွားတာ ဘာတိုက်ပွဲမှလည်း ဖြစ်ပွားတာမရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။







