ရန်ကုန်၊ ဧပြီ ၇
မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး သေနတ် ၃ လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ကြောင်း မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (M.R.G) ၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့် ပခုက္ကူမြို့ စက်မှုဇုန်ဂိတ်ကို သွားရောက်ပစ်ခတ်ရန် ထွက်ခွာလာသော ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ-၂ (မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့ – M.R.G) မှ ရဲဘော်ကိုခက် ဦးဆောင်သည့် တပ်စိပ်သည် လမ်းခုလတ်တစ်နေရာတွင် ကင်းလှည့်နေသည့် စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ထိတွေ့တိုက်ပွဲသည် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၄ ဦး နေရာတင် သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့ထံမှ MA-3 အမျိုးအစား သေနတ် ၂ လက်၊ MA-1 MK II T1 အမျိုးအစား သေနတ် ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီ၏ စက်မှုဇုန် ၆ လမ်းဂိတ်ဘက်မှ ၆၀ မမ၊ ၄၀ မမ လက် နက်ကြီးများနှင့် လက်နက်ငယ်များဖြင့် ပစ်ကူပေးခဲ့သော်လည်း မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (M.R.G) ရဲဘော်များမှာ အထိအခိုက်မရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (M.R.G) မှ ပြန်ကြားရေးတာဝန်ခံက “စစ်ခွေး သေစာရင်း ထပ်တိုးကမသိရသေးပါဘူး။ ကျနော်တို့ မျက်မြင် လေးယောက်ပဲ အတည်ပြုပါတယ်။ လွတ်သွားတဲ့ နှစ်ယောက်က သေဖို့များပေမယ့် သေ၊ မသေမသိရသေးပါဘူး။ လွတ်သွားတဲ့ ခွေးနှစ်ယောက်က ကျည်ကာတွေကောင်းလွန်းသွားလို့ လွတ်သွားတာပါ။ ပခုက္ကူစက်မှုဇုန်ဂိတ်ကို သွားရောက်ပစ်ခတ်စဉ် လမ်းတစ်နေရာမှာ ကင်းပတ်လာတဲ့ စစ်ခွေး အင်အားက ခြောက်ယောက်နဲ့တွေ့ပြီး ပစ်ခတကြတာ။ ၆ ယောက်လုံး သေနိုင်ပါတယ်။ လေးယောက်ပဲ ကျနော်တို့ မျက်စိရှေ့တင် သေသွားတာပါ။ နှစ်ယောက်တော့ လွတ်သွားတယ်”ဟု ရှင်းပြသည်။
လက်ရှိတွင် မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (M.R.G) အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနှင့် စစ်ရေးအခြေအနေများကြောင့် ပြည်သူများအနေဖြင့် သတိပြုသွားလာကြရန်လည်း တိုက်တွန်းထားသည်။





