ရန်ကုန်၊ ဧပြီ ၇
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဝေါလေဗျူဟာကုန်းတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ ခုခံနေကာ ကာကင်းစခန်း တချို့ကို တော်လှန်ရေးတပ်က သိမ်းပိုက်ရရှိထားကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး ဝေါလေဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF များနှင့် အတူ ဗိုလ်တာဘော ဦးဆောင်၍ စခန်းသိမ်း တိုက်ပွဲ စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ပွဲများသည် လက်ရှိချိန်ထိ ပြင်းထန်နေဆဲဖြစ်ပြီး အကြမ်းဖက် စစ်တပ်ကလည်း ဗျူဟာကုန်း မကျဆုံးရေး လေယာဉ်ဖြင့် အပြင်းအထန် ဗုံးကျဲ ခုခံနေကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံဘက်သို့ ကျည်ကျရောက် ပေါက်ကွဲမှုများရှိပြီး ပြည်သူများ ထိခိုက်မှုရှိသောကြောင့် ထိုင်းအစိုးရက ကန့်ကွက်မှုများကြောင်း၊ ထို့ပြင် နယ်စပ်တွင် နေထိုင်သော ပြည်သူများကိုလည်း ထိုင်းအစိုးရက အရေးပေါ် ရွေ့ပြောင်းပေးခဲ့ရကြောင်း သိရှိရသည်။
“လက်ရှိမှာတော့ တိုက်ပွဲပြင်းထန်နေတယ်။ အဲ့ဒီ ဝေါလေဗျူဟာကို တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ KNLA ၊ PDF တပ်တွေက ဗိုလ်တာဘော ဦးဆောင်ပြီးတော့ စစ်ခွေးတွေရဲ့ ဗျူဟာကုန်းရဖို့ တက်သိမ်းနေတာ။ ကာကင်းကုန်းတွေ၊ ကာကင်းစခန်းတွေတော့ ရထားပြီးပြီ။ ပင်မဗျူဟာကုန်းတွေ၊ ဗဟိုကင်းတွေတော့ မရသေးဘူး။ စစ်ခွေးတွေဘက်က တောက်လျှောက် Y-12 တွေရော၊ လက်နက်ကြီးပစ်ကူတွေရော၊ လေကြောင်းပစ်ကူတွေရောပေးပြီးတော့ သူတို့ကတော့ အပြင်းအထန် ခုခံနေရတာပဲ။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တက်လုံးနေတော့ တိုက်ပွဲက ပြင်းထန်နေတယ်လို့ ပြောရမယ်။ စစ်ခွေးတွေဘက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်တာတွေက တောက်လျှောက်ပစ်နေတာ ထိုင်းဘက်ခြမ်းကို ရောက်လို့ ထိုင်းဘက်ကလည်း မကျေနပ်လို့ ကန့်ကွက်တာတွေရှိတယ်” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ ဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်ပိုင်းက စတင်ကာ ပိတ်ဆို့ထားခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ဗျူဟာကုန်းပေါ်ရှိ အကြမ်းဖက် စစ်သားများလည်း ပိတ်မိနေပြီး ရိက္ခာခဲယမ်းများကို လေယာဉ်ဖြင့် ကျဲချ ပို့ဆောင်ပေးနေကြောင်း သိရသည်။
“၂၀၂၅ ခုနှစ်ထဲက အဲ့ဒီဗျူဟာကုန်းကို ဝိုင်းထားတာကြာပြီ။ ထိုးစစ်ပြန်ဆင်တာတော့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး အပြင်းအထန် ပြန်ထိုးစစ်ဆင်တာ။ အဲလိုပိတ်ဆို့ထားတော့ ဗျူဟာကုန်းပေါ်က စစ်ခွေးတွေက ရေတောင်ဆင်းခပ်လို့ မရဘူး။ ဗျူဟာကုန်းရဲ့ အောက်ကိုတောင် သူတို့ မဆင်းရဲလောက်တဲ့ အခြေအနေပါ။ စစ်ကူတွေ၊ ရိက္ခာတွေကို သူတို့ Y-12 နဲ့ပဲ လာချနေရတာ။ ဝေါလေရွာထဲကို မဆင်းရဲဘူး။ ကာကင်းတွေ သိမ်းပိုက်ရရှိတုန်းကတော့ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးတာတော့ ရှိတယ်။ တိုက်ပွဲကတော့ လက်ရှိမှာ ပြင်းထန်နေတယ်လို့ပဲ ပြောလို့ရမယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။




