30 C
Yangon

တောင်သာ၊ ပန်းပေါင်းရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး နေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၇

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပန်းပေါင်းရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး နေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီးများက ပန်းပေါင်းရွာကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အသက် ၆၀ ကျော်အရွယ် ဦးကြည်လှိုင်၊ ဒေါ်မြကြည် တို့ ဇနီးမောင်နှံနှင့် သမီးဖြစ်သူ ကိုယ်ဝန်ဆောင် အမျိုးသမီး အသက် ၃၂ နှစ်အရွယ် မထားထားဦး တို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၆ ရက်နေ့တွင် မြေပြင် စစ်ကြောင်းသည် ပန်းပေါင်းရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများအပါအဝင် ကျေးရွာဘုန်းကြီးရှိ ဆရာတော်များ၏ ဖုန်းများပါ ခိုးယူသွားကြောင်း သိရှိရသည်။

“ကျွန်တော်တို့ရွာကို စစ်ကြောင်းထိုးလာပြီး မီးရှိုးသွားတာ အိမ်ခြေ ၇၀၀ လောက်ရှိတာ ၆၀ လောက်ပဲကျန်တယ်။ စက်တပ်လေထီးတွေနဲ့လည်း ရွာထဲကို ဗုံးကျဲလို့ ပြည်သူ ၃ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ မနေ့က မြေပြင်ကနေ စစ်ခွေး စစ်ကြောင်း ဝင်လာပြီး ရွာထဲက နေအိမ်တွေကို မီးရှို့တာသွားတာ ရွှေ၊ ငွေ ပစ္စည်း ဥစ္စာ ဆိုင်ကယ်တွေ အကုန်ယူသွားတယ်။ ရွာဦးဘုန်းကြီးကျောင်းက ဘုန်းကြီးတွေရဲ့ ဖုန်းတွေလဲယူသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းကလည်း ရွှေ‌စမ်းချောင်းရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ အသက် ၆၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၅၈ နှစ် အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article