ရန်ကုန်၊ ဧပြီ ၈
မြန်မာနိုင်ငံအတွင်းရှိ နှစ် ၂၀ သက်တမ်းရှိ ယာဉ်အိုယာဉ်ဟောင်းများကို အပ်နှံခိုင်းပြီး လျှပ်စစ်ကား (EV) များ အစားထိုး တင်သွင်းခိုင်းမည့် စစ်ခေါင်းဆောင်၏ အစီအစဉ်မှာ မင်းအောင်လှိုင်မိသားစု အပါအဝင် EV ကားတင်သွင်းခွင့် ရရှိထားသူများအတွက်သာ အကျိုးအမြတ် ရှိစေမည်ဖြစ်ပြီး ဂျပန်တစ်ပတ်ရစ်ကားများ ပိုင်ထားသော အခြေခံလူထုအတွက်မူ ပိုင်ဆိုင်မှုများ ဆုံးရှုံးနစ်နာစေမည်ဖြစ်ကြောင်း မော်တော်ယာဉ်ဈေးကွက် ကျွမ်းကျင်သူများက ဝေဖန်ထောက်ပြလိုက်သည်။
မြန်မာနိုင်ငံတွင် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံပြီး လျှပ်စစ်ကား (EV) များ အစားထိုးတင်သွင်းခွင့်ခိုင်းမည့် မူဝါဒကြောင့် လက်ရှိစီးပွားရေး အကျပ်အတည်းကာလ ပြည်သူတို့၏ ပိုင်ဆိုင်မှုများ ထိခိုက်နိုင်ခြေ အပေါ် ဝေဖန်စိုးရိမ်မှုများ ထွက်ပေါ်နေသည်။
အကြမ်းဖက် မင်းအောင်လှိုင်က စက်သုံးဆီချွေတာရန်၊ နိုင်ငံခြားငွေ ချွေတာရန် ခေါင်းစဉ်တပ်၍ ယာဉ်အိုယာဉ်ဟောင်းများကို EV ကားများဖြင့် အစားထိုးအပ်နှံရေး အစီအစဉ် လုပ်ဆောင်မည်ဖြစ်ကြောင်း ဧပြီလ ၁ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
လျှပ်စစ်-EV ကားများသည် လောင်စာဆီချွေတာနိုင်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချနိုင်သည်ဟုဆိုသော်လည်း မြန်မာနိုင်ငံအခြေအနေမှာ EV ကားများကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်သော အခြေခံ အဆောက်အအုံ နည်းပါးနေကြောင်း ကားစျေးကွက်ကျွမ်းကျင်သူတချို့က ထောက်ပြသည်။
မြန်မာ့စျေးကွက်တွင် EV ကားများကို ပြုပြင်နိုင်သော ဝပ်ရှော့နှင့် ကျွမ်းကျင်သည့် ပြုပြင်သူ (Technician) နည်းပါးနေကြောင်း၊ EV ကားများအတွက် အပိုပစ္စည်း (Spare Parts) ရှားပါးနေကြောင်း၊ ယင်းအပြင် လျှပ်စစ်ဓာတ်အားပြန်လည် သွင်းနိုင် သော EV Charging Station များမှာလည်း မလုံလောက်ဘဲ လျှပ်စစ်မီးမှာ အချိန်ပိုင်းဖြင့်သာ ရရှိနေကြောင်း ကားတင်သွင်းသူများက ဆိုသည်။
“ပြောမယ်ဆိုရင် EV ကားတွေ တစ်နိုင်ငံလုံး မပြောပါနဲ့ ရန်ကုန်မှာတောင် တွင်တွင်ကျယ်ကျယ်သုံးလို့ရမယ့် အခြေခံ အဆောက် အအုံမရှိဘူး။ အခု EV ကားအားသွင်းဖို့ ကားစီးရေ နည်းတာတောင် လုနေရတယ်။ နောက်တစ်ခုက မီးပေါ့။ လျှပ်စစ်မီး မလာဘူး။ လာရင်လည်း အချိန်ပိုင်းဆိုတော့ EV ကားနဲ့ ဘယ်လို အားသွင်းမလဲ၊ ဘယ်လိုအလုပ်ဖြစ်မလဲ။ ပြီးတော့ ဝပ်ရှော့တွေ EV ကားကို မပြင်တတ်သေးဘူး။ အပိုပစ္စည်း မပေါဘူး။ စျေးကြီးတယ်။ ဂျပန်တစ်ပတ်ရစ်ကားတွေက အပိုပစ္စည်းပေါတယ်။ စျေးသက်သာတယ်။ ဝပ်ရှော့တိုင်း ပြင်တတ်တယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံမှာ ဘာလို့ ဂျပန်တစ်ပတ်ရစ်ကားတွေ အသုံးများလူကြိုက်များလဲဆိုတာက အဲဒါက အဓိကပါပဲ” ဟု ကားဝယ်ရောင်းအကျိုးဆောင်က ရှင်းပြသည်။
တရုတ်နိုင်ငံထုတ် EV ကားများကို တင်သွင်းရာတွင် ဂျပန်တစ်ပတ်ရစ်ကားများကဲ့သို့ တင်သွင်းဝယ်ယူ၍မရဘဲ Battery အရည်အသွေးနှင့် အာမခံချက် (Warranty) ရရှိရန်မှာ အသက်တမျှ အရေး ကြီးကြောင်း ၊Range (မောင်းနှင်နိုင်သည့်အကွာအဝေး) ထက် Battery Quality ကို ပိုမိုဦးစားပေးသင့်ကြောင်း၊ EV ကားဝယ်ယူပြီး နောက်ဆက်တွဲ ပြဿနာများကို ဝပ်ရှော့များက မဖြေရှင်းနိုင်ကြောင်း ထောက်ပြ ပြောဆိုကြသည်။
အခြားသော တစ်ဖက်တွင်လည်း လွန်ခဲ့သော ၂၀၁၁-၂၀၁၂ ခုနှစ်ကာ ဦးသိန်းစိန်အစိုးရလက်ထက် အခွန်အခ (Duty Tax) များစွာပေးဆောင်၍ တင်သွင်းထားသည့် ကားကောင်းများကို စွန့်လွှတ်မည့်အခြေ အနေမှာ လူထု၏ ပိုင်ဆိုင်ငွေကြေးများကို စွန့်ပစ်ခိုင်းသည့် အခြေအနေဖြစ်နေကြောင်း ၊ ကားများကို အပ်နှံ၍ EV ကားများ ထပ်မံသွင်းခိုင်းခြင်းမှာ လူထု၏ ငွေကြေးကို သုံးခိုင်းခြင်းဖြစ်သောကြောင့် ဒေါ်လာငွေများ လိုအပ်ချက်ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ EV ကားထုတ်လုပ်သော တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဒေါ်လာများ အလုံးအရင်းဖြင့် စီးဆင်းမည်ဖြစ်ကြောင်း သုံးသပ်သည်။
“လူတွေမှာက စားဖို့တောင် အနိုင်နိုင် EV ကားတွေ ဒေါ်လာတွေနဲ့ ထပ်သွင်းခိုင်းဦးမှာလား။ ကုန်စျေးနှုန်းတွေက တက်၊ ငွေတွေက ဖောင်းပွနဲ့ EV ကားအတွက် အခြေခံအဆောက်အအုံမရှိဘဲနဲ့ ပြည်သူတွေ ဒုက္ခတောထဲ တွန်းပို့မှာလား။ EV ကားတင်သွင်းသူတွေ အကျိုးအမြတ်အတွက် ပြည်သူလူထုကို ချောက်ထဲ အတင်းကန်ချသလို ခံစားရတယ်။ EV ကားတွေ သွင်းခိုင်းလို့ နိုင်ငံတော်မှာ စက်သုံးဆီ ဒေါ်လာ သက်သာသွားမယ့် အကျိုးထက် လူတွေ စီးပွားရေးလုပ်မရ၊ သွားရ လာရ ခက်ခဲနဲ့ ကုန်စျေးနှုန်းတွေ မိုးထိုးတက်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေ လာမှာ။ အဲဒါကို တွေးကြည့်ဖို့ လိုတယ်” ဟု ကားတင်သွင်းသူက ရှင်းပြသည်။
မြန်မာပြည်သူများအကြား လူကြိုက်များသော ဂျပန်တစ်ပတ်ရစ်ကားကောင်းများကို အပ်နှံခိုင်းပြီး တရုတ်ထုတ် EV ကားများကို စီးနင်းခိုင်းခြင်းမှာ လက်တွေ့ မကျသော လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ထောက်ကြသည်။
မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်းရှိ စက်သုံးဆီအသုံးပြုသော ယာဉ်များကို လျှပ်စစ်ကား EV များဖြင့် အစားထိုးရန် မူဝါဒချမှတ်နေချိန် သားဖြစ်သူ အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့မှာ မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ လျှပ်စစ်ကား EV များ အကြီးအကျယ် တင်သွင်းနေကြသည်ဟု သိရှိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပြည်တွင်း လျှပ်စစ် ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ဆိုလာနှင့် ဆက်စပ် ပစ္စည်းကို ပြည်ပမှ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီးနောက် မင်းအောင်လှိုင်၏ သားနှင့်သမီးဖြစ်သူတို့က ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်နှင့် EV-လျှပ်စစ် ကားတင်သွင်းမှုများကို မြန်မာနိုင်ငံအတွင်းသို့ အကြီးအကျယ် တင်သွင်းမှုများ လုပ်ဆောင်ခဲ့ကြသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ၎င်း၏ လုပ် ဖော်ကိုင်ဖက်များဖြစ်သော နိုင်ဖြိုးကျော်၊ ဝေယံမင်းမောင်တို့နှင့်အတူ NPK Motor Co Ltd ကုမ္ပဏီထူထောင်ပြီး မြန်မာနိုင်ငံတွင်းသို့ လျှပ် စစ် ကားများနှင့် MG Myanmar ၊ Leapmotor Myanmar အမှတ်တံဆိပ်အမျိုးအစားအပါအဝင် လျှပ်စစ် ကားအမျိုးမျိုးကို တင်သွင်းရောင်းချလျက်ရှိသည်။
မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန် ပိုင်ဆိုင်သော NPK Motor Co Ltd ကုမ္ပဏီက မြန်မာနိုင်ငံအတွင်းသို့ လျှပ်စစ်ကား အမှတ်တံဆိပ်အမျိုးမျိုးကို တင်သွင်းနေသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ကားများတွင် ဓာတ်အားသွင်းသည့် EV Charging Station များလုပ်ပိုင်ခွင့်ရရှိခဲ့ပြန်သည်။
အလားတူ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက EV ကားတင်သွင်းမှုအဖြစ် တရုတ် BYD ကုမ္ပဏီမှ ကားများကို ပြည်တွင်းကုမ္ပဏီခွဲများစွာ တည် ထောင်၍ တင်သွင်းနေဆဲဖြစ်ကြောင်း သိရှိရသည်။




