ရန်ကုန်၊ ဧပြီ ၈
မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များတွင် အဖွဲ့ဝင်များ အဖြစ် တာဝန်ယူထားသည့် စစ်တပ်မှ ဗိုလ်မှူးများက သက်ဆိုင်ရာ မြို့နယ်လုံခြုံရေးနှင့်အုပ်ချုပ်ရေးခေါင်းဆောင် များဖြစ်လာပြီး သက်ဆိုင်ရာမြို့နယ်ဥက္ကဋ္ဌ ထွေ/အုပ်အုပ်ချုပ်ရေးမှူးအရာရှိများက မလွန် ဆန်ရဲဘဲ ကြောက်နေရကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များတွင် ဥက္ကဋ္ဌအဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိများက အုပ်ချုပ်ရေးမှူးများအဖြစ် တာဝန်ယူပြီး စစ်တပ်ဘက်မှ ဗိုလ်မှူးများက အဖွဲ့ဝင်များ အဖြစ် ပါဝင်ရကြောင်း ၊ သို့ရာတွင် ထွေ/အုပ် အရာရှိများက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ ဥက္ကဋ္ဌများဖြစ်သော်လည်း စစ်တပ်ဘက်မှ ဗိုလ်မှူးများကို အရာရာ အသိပေးကာ ကြောက်လန့်နေရခြင်းဖြစ်သည်ဟု သိရှိရသည်။
ယင်းအပြင် အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးများက မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ Focal ခေါင်းဆောင်များအဖြစ် တရားဝင်အာဏာရယူလာကြောင်း၊ စစ်မှုထမ်းဆင့်ခေါ်ရေးတွင် ဗိုလ်မှူးများ ရှေ့တန်းရောက်လာကြောင်း၊ ယခင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များတွင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သော်လည်း၊ ယခုအခါတွင်မူ စစ်တပ်မှခန့်အပ်ထားသည့် အဖွဲ့ဝင် ဗိုလ်မှူးများသာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အဓိကခေါင်းဆောင်များအဖြစ် တာဝန်ယူလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ထွေ/အုပ်အုပ်ချုပ်ရေးမှူးတွေက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှာ ဥက္ကဋ္ဌဆိုပေမယ့် တကယ် တမ်း လုံခြုံရေးနဲ့ စစ်မှုထမ်းကိစ္စတွေမှာ ဗိုလ်မှူးတွေကို ကျော်လွန်လို့မရဘူး။ ဗိုလ်မှူးတွေက Focal ခေါင်းဆောင်တွေ ဖြစ်ကုန်တာကြောင့် ထွေ/အုပ်အရာရှိတွေက သူတို့ကို မလွန် ဆန်ရဲဘဲ ကြောက်နေရတဲ့ အခြေအနေဖြစ်နေတာ” ဟု ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီ၏ ညွှန်ကြားချက်အမှတ် (၄/၂၀၂၅) အရ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များအားလုံးတွင် စစ်တပ်ကိုယ်စားလှယ် (၁) ဦးကို မဖြစ်မနေ ထည့်သွင်းဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ညွှန်ကြားချက်ကြောင့် နိုင်ငံတစ်ဝန်းရှိ မြို့နယ်အုပ်ချုပ်ရေးယန္တရားများတွင် နယ် မြေခံ ဗိုလ်မှူးသစ်များက တရားဝင်အုပ်ချုပ်ရေးအရာရှိများအဖြစ် အဓိကအခရာကျသော နေရာများကို ရယူထားကြသည်။
လက်ရှိဖွဲ့စည်းထားသော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များတွင် အဖွဲ့ဝင် (၇) ဦး ပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး (ထွေ/အုပ်)၊ အဖွဲ့ဝင် ၁ အဖြစ် စစ်တပ်ကိုယ်စားလှယ် ဗိုလ်မှူး ၁ ဦး၊ အဖွဲ့ဝင်များအဖြစ် စီမံကိန်းဦးစီးမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်လ၀ကဦးစီးမှူးနှင့် ဥက္ကဋ္ဌမှ တာဝန်ပေးသူ တစ်ဦး၊ အတွင်းရေးမှူးအဖြစ် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က တာဝန်ယူရန် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် အမည်ခံထားသော်လည်း လက်တွေ့တွင် စစ်တပ်မှ စေလွှတ်ထားသည့် ဗိုလ်မှူးများကသာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအားလုံးကို ခြယ်လှယ်အုပ်ချုပ်နေခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစတင်၍ ယနေ့အထိ စစ်တပ်သည် ဗိုလ်မှူးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များအဖြစ် ခန့်အပ်ကာ အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- လွှတ်တော်တက်ရောက်နေသည့် စစ်တပ်ဘက်မှ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးများအပါအဝင် စစ်အရာရှိများ။




