ရန်ကုန်၊ ဧပြီ ၈
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းကို အကြမ်းဖက် စစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်း မင်းပြားမြို့နယ်၊ လေးမြို့မြစ် အရှေ့ဘက် အခြမ်းရှိကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၁၀ လုံးကျော်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက် ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု အခြေအနေများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ လေယာဉ်များသည် ဆက်လက်ဝဲပျံနေဆဲဖြစ်သောကြောင့် ပြည်သူများ ထပ်မံဗုံးကျဲခံရမည့်ကို စိုးရိမ်ထိတ်လန့်နေကြရပြီး ဘေးလွတ်ရာထွက်ပြေးနေကြရကြောင်း သိရရှိသည်။
“စစ်ခွေးတွေ ဗုံးလာကျဲသွားတယ်။ အဖြစ်အပျက်က မှန်တယ်။ ထိခိုက်ဒဏ်ရာ ရတာတော့ မသိရသေးဘူး။ စစ်လေယာဉ်တွေက လေးမြို့မြစ် အရှေ့ဘက် အခြမ်းကို တောက်လျောက် ပစ်ခဲ့တယ်လို့ သိရတယ်။ ဘာစစ်ပွဲမှ မရှိဘူး”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဧပြီလ ၁ ရက်နေ့ကလည်းစစ်တပ်က သံတွဲမြိုနယ်ကို တိုက်လေယာဉ် ၄ စီးဖြင့် ဗုံးကျဲချခဲ့ရာ ကလေး ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦးသေဆုံးခဲ့ရသည်။
ထို့အတူ မတ်လ ၂၉ ရက်နေ့၊ စစ်တပ်က ပလက်ဝမြို့နယ်အတွင်းရှိ “ကြောင်ချောင်းကျေး ရွာ” ကို တိုက်လေယာဉ် ၂ စီး ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ကြောင်ချောင်းကျေးရွာမှ အသက် ၁၆ နှစ်အောက် ကလေး ၄ ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၇ ဦးသေဆုံးခဲ့ရသည်။




