ရန်ကုန်၊ ဧပြီ ၈
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့နေပြီး ဒရုန်းဖြင့်လည်း စစ်ရှောင်ပြည်သူများကို လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်တွင် တောင်သာမြို့နယ်၊ ပန်းပေါင်းရွာဂိတ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မဲတောရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို စစ်ကြောင်းသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးသွားပြီးနောက် ပန်းပေါင်းရွာဂိတ်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၇ ရက်နေ့ ညနေပိုင်းကလည်း ရွှေမန်းဇရပ် အနီးတပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် စစ်ဘေးရှောင် ပြည်သူများနေထိုင်ရာ ရွှေစမ်းချောင်း ကျေးရွာဘက်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက ပန်းပေါင်းရွာဂိတ်မှာ တပ်စွဲပြီးတော့ အနီးအနားကရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတာ ဒီနေ့လည်း မဲတောရွာအရှို့ခံလိုက်ရတယ်။ စစ်ဘေးရှောင်ပြည်သူတွေကိုလည်း စစ်ခွေးတွေက ဒရုန်းတွေနဲ့ ဆက်တိုက် ဗုံးလိုက်ကျဲလို့ ပြည်သူတွေ ထိခိုက်မှုရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဧပြီလ ၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီးများက ပန်းပေါင်းရွာကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အသက် ၆၀ ကျော်အရွယ် ဦးကြည်လှိုင်၊ ဒေါ်မြကြည် တို့ ဇနီးမောင်နှံနှင့် သမီးဖြစ်သူ ကိုယ်ဝန်ဆောင် အမျိုးသမီး အသက် ၃၂ နှစ်အရွယ် မထားထားဦး တို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ဧပြီလ ၆ ရက်နေ့တွင် မြေပြင် စစ်ကြောင်းသည် ပန်းပေါင်းရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများအပါအဝင် ကျေးရွာဘုန်းကြီးရှိ ဆရာတော်များ၏ ဖုန်းများပါ ခိုးယူသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော တောင်သာမြို့နယ်၊ ပန်းပေါင်းရွာ






