ရန်ကုန်၊ ဧပြီ ၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း RMA-Ramonnya Mon Army အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဧပြီလ ၇ ရက်နေ့ နံနက် ၄ နာရီခန့်တွင် သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ရာမညမွန်တပ်တော်မှ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ ၈ ဦးထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး အင်အားကတော့ ခန့်မှန်းခြေ ၅၀ ဝန်းကျင်လောက်ရှိပါတယ်။ စစ်ခွေးတွေက ၆ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ၈ ဦးထဲမှာက ၃ ဦးက ပြင်းထန် ထိခိုက်ဒဏ်ရာရရှိတယ်။ စစ်ခွေးဘက်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး မရှိပါဘူး”ဟု RMA-Ramonnya Mon Army အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ရာမညမွန်တပ်တော်မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဧပြီလ ၅ ရက်နေ့ကလည်း မုဒုံမြို့နယ် အမှတ် ၈ ကားလမ်းမကြီး၊ ရောင်းဒေါင်းနှင့် ကွမ်လှာ ကျေးရွာ အကြားရှိ ဇရပ်တစ်နေရာတွင် နေရာချထားသည့် အကြမ်းဖက် စစ်တပ်ကို ရာမညမွန်တပ်တော် (RMA) က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်




