ရန်ကုန်၊ ဧပြီ ၈
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဧပြီလ ၄ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာသစ် အတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၂၀၀ ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ စောမင်းသူ ဗုံးစထိမှန် သေဆုံးခဲ့ပြီး အသက် ၃၀ နှစ် အရွယ် မောင်သောင်တာ၊ အသက် ၃၀ နှစ်အရွယ် စောမောရေထူးနှင့် အသက် ၂၅ နှစ်အရွယ် စောဒဲလေး တို့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ညောင်လေးပင်ခရိုင်အတွင်း မြို့နယ် ၃ ခုကို လက်နက်ကြီး၊ ဒရုန်း၊ လေယာဥ်များဖြင့် နေ့စဥ် ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ စိုးရိမ် ထိတ်လန့်ကြောက်ရွံ့မှုများစွာဖြင့် အသက်ရှင်သွားလာနေထိုင်နေကြရကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦးနှင့် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆားလင်းကြီးမြို့နယ်၊ ဝဲကြီးရွာနှင့် ဝဲကွဲရွာ အကြားကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကလေးငယ် ၁ ဦးနှင့် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီနေ့ မွန်းလွဲပိုင်းက ဆားလင်းကြီးမြို့နယ်၊ ဝဲကြီးရွာ နဲ့ ဝဲကွဲရွာ အရှေ့ဘက် မြစ်ကမ်းစပ်ကို ဗုံး ၁ လုံး နဲ့ မြစ်ကမ်းပေါ်က ငှက်ပျောခြံထဲ ကို ဗုံး ၁ လုံးကျတယ်။ စစ်ခွေးတွေက စက်တပ်လေထီးနဲ့ ဗုံး ၂ လုံး ကျဲချသွားတာ အဲတာ လသားအရွယ်ကလေးနဲ့ မိခင်ဖြစ်သူ ထိခိုက် ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






