30 C
Yangon

နတ်မောက်နှင့် မြို့သစ်မြို့ နယ်တို့တွင် စစ်တပ် စစ်ကြောင်းများကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၈

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဧပြီလ ၈ ရက်နေ့တွင် နတ်မောက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်ဖက် စစ်တပ်ကို မြို့သစ်မြို့နယ် ကျေးရွာတစ်ရွာအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၈ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်က နေပြည်တော်တပ်ရင်း ၉၀၃ စခန်းကို မီးရှို့သွားတဲ့ စစ်ခွေး စစ်ကြာင်းကို ဒီနေ့မှာ ကျွန်တော်တို့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါ။ စစ်ခွေး အင်အားကတော့ ၈၀ လောက်ရှိတယ်။ စစ်ခွေး သေစာရင်းကတော့ ခန့်မှန်းခြေ ၈ ဦးလောက်သေတယ်။ စစ်ခွေး သေဆုံးတဲ့ ၈ ဦးထဲမှာ မြို့သစ်မြို့နယ် နယ်ထိန်း ဒညင်း ဆိုတဲ့ကောင်လည်း ပါတယ်လို့သိရတယ်။ ထိခိုက်ဒဏ်ရာရှိသူတွေလည်း များပြားတယ်” ဟု နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်ကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော်တပ်ရင်း ၉၀၃ နှင့် တပ်ရင်း ၉၀၂ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်နှင့် မြို့သစ်မြို့ နယ်အစပ်ကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်နှင့် မြို့သစ်မြို့ နယ်အစပ် မိုးထိတောင်ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသော အင်အား ၂၀၀ ခန့်ပါ စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ၊ ထို တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ မြို့သစ်နယ် ကပစ ၁၇နဲ့ ၁၃ မိုင်ဝေးတဲ့ ပုလင်းပြားကြီးရွာအနီး MPT တာဝါတိုင်ဘက်တဝိုက် ၃ ကြိမ် တိုက်ပွဲဖြစ်ပါတယ်။ ဒဏ်ရာရနဲ့ သေတဲ့ စစ်ခွေးတွေကို ကပစ ၁၇ ထဲ နွားလှည်းနှင့်သယ်သွားပါတယ်။ စစ်ခွေးဘက် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး မရှိသေးဘူး။ မိုင်းဆွဲ တာအဓိကထားပြီး ၅ မိနစ်လောက်အပြန်အလှန် ပစ်တာရှိတယ် “ဟု မြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြို့ သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် မဟာမိတ်(၉၀၃)တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ၊ ပြည်သူများအနေဖြင့် ကျွန်ုပ်တို့ တော်လှန်ရေးရဲဘော်များကို ကူညီကြပါရန် သတင်းအချက်လက်များအချိန် မှီပေးပို့ရန် မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ မေတ္တာရပ်ခံကြောင်းသိရှိရသည်။

ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း မြို့သစ်မြို့နယ် တစ်နေရာတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသပြည်သူများ တိမ်းရှောင်နေရကြောင်း၊ နတ်မောက်မြို့နယ်နှင့် မြို့သစ်နယ်မြို့နယ်တဝိုက်တွင် အကြမ်းဖက်စစ်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များ မကြာခဏထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသောကြောင့် ဒေသပြည်သူများ သတိထားပြုသွားလာကြရန် မြို့သစ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article