36 C
Yangon

မြင်းခြံ၊ ဖက်ပင်အိုင်ရွာတွင် စစ်တပ်က ပြည်သူနှင့် PDF ၁၁ ဦးကို သတ်ဖြတ်ပြီး မိခင်အလောင်းလာသယ်သော သားဖြစ်သူကိုပါ ဒရုန်းဖြင့် ထပ်မံဗုံးကျဲ သတ်ဖြတ်

Must read

ရန်ကုန်၊ ဧပြီ ၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာတွင် စစ်ကောင်စီတပ်က ကျေးရွာနေပြည်သူများနှင့် ကာကွယ်ပေးနေသည့် PDF ရဲဘော် စုစုပေါင်း ၁၁ ဦးကို အစုလိုက် အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ဧပြီလ ၁ ရက်နေ့ ညနေပိုင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ တပ်မ ၉၉ မှ အင် အား ၁၀၀ ကျော်က ဖက်ပင်အိုင်ကျေးရွာအတွင်းသို့ သေနတ်များ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် တပ်စွဲခဲ့ကြောင်း၊ ဧပြီလ ၂ ရက် နံနက်ပိုင်းတွင် ဆုံရွာရှိ စစ်တပ်နှင့် ပျူစောထီး အင်အား ၁၀၀ ကျော် ထပ်မံရောက်ရှိလာပြီးနောက် နံနက် ၈ နာရီမှစတင်ကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။

ယင်းနောက် စစ်တပ်ပြန်လည်ဆုတ်ခွာသွားချိန် ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့် နေအိမ်များ မီးငြှိမ်းသတ်ရန် ရွာအတွင်းသို့ ပြန်ဝင်လာသည့် ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့​ကြောင်း၊ ထို့ပြင် ကျေးရွာအနီး သစ်ပင်များအောက်၌ ခိုလှုံနေသူများကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ပြည်သူများကို ကယ်ထုတ် ပေးနေသည့် PDF ရဲဘော် ၃ ဦး သေဆုံးခဲ့ကြောင်း၊ အသက် ၆၃ နှစ်အရွယ် အမျိုး သမီးတစ်ဦးမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် နေရာတင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က သေဆုံးသူများ၏ ရုပ်အလောင်းများကို မိသားစုထံ ပြန်မပေးသည့်အပြင် မိခင်ဖြစ်သူ၏ အလောင်းကို သယ်ဆောင်လာသည့် သားဖြစ်သူကိုပါ ဒရုန်းဖြင့် ထပ်မံဗုံးကျဲ သတ်ဖြတ်ခဲ့သည့်အထိ လူသားချင်းစာနာမှုကင်းမဲ့စွာ ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော အသက် ၆၃ နှစ်အရွယ် မိခင်ဖြစ်သူ၏ ရုပ်အလောင်းကို သယ်ဆောင်လာသည့် မိသားစုဝင်များကို စစ်တပ်က ဒရုန်းဖြင့် ထပ်မံဗုံးကျဲခဲ့ရာ အသက် ၃၇ နှစ်အရွယ် သားဖြစ်သူမှာ နောက်ကျောပွင့်ထွက်ကာ ထပ်မံသေဆုံးခဲ့ပြီး၊ အသက် ၆၅ နှစ်အရွယ် ခင်ပွန်းဖြစ်သူလည်း ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကိုလည်း စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းများကို သင်္ဂြိုဟ်ခွင့်ပေးရန် မိသားစုဝင်များနှင့် ရွာသားများက တောင်းဆိုခဲ့သော်လည်း စစ်တပ်က “၎င်းတို့ဘာသာ သင်္ဂြိုဟ်ပေးမည်” ဟုဆိုကာ မိသားစုထံ ပြန်မပေးဘဲ မီးပုံရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူများမှာ မီးပြာကျနေသည့် အရိုးစုများကိုသာ ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

ဧပြီလ ၄ ရက်နေ့တွင်လည်း စစ်တပ်က ကျေးရွာအတွင်း ထပ်မံဝင်ရောက်ကာ ကျန်ရှိနေသည့် နေအိမ်များကို မီးရှို့ခဲ့ရာ နေအိမ်ပေါင်း ၂၁၀ လုံးနှင့် ဆေးရွက်ကြီးသိုလှောင်ရုံများ ပျက်စီးခဲ့ပြီး စုစုပေါင်း ကျပ်သိန်းပေါင်း ၈ သောင်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဤလုပ်ရပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ် သားများကို ပစ်မှတ်ထားကာ လူသားချင်းစာနာမှု ကင်းမဲ့စွာ ကျူးလွန်သည့် “ဗြောင်ကျကျ စစ်ရာဇဝတ်မှု” ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး၊ ကျူးလွန်သူများကို ထိရောက်စွာ အရေး ယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article