ရန်ကုန်၊ ဧပြီ ၉
အီရန်စစ်ပွဲနောက်ဆက်တွဲ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရမှုကြောင့် ဖြစ်ပေါ်လာသည့် လောင်စာဆီ အကျပ်အတည်းနှင့် မြေဩဇာ ပြတ်လပ်မှုဒဏ်ကို မြန်မာနိုင်ငံ၏ အားနည်းလှသော စီးပွားရေးက ဆိုးဆိုးရွားရွား ခံစားနေရသည်။
ယင်းအခြေအနေသည် စိုက်ပျိုးရာသီ စတင်ချိန်မှာပင် တောင်သူများအနေဖြင့် လယ်ထွန်စက်များအတွက် ဆီမဖြည့်နိုင်ခြင်းနှင့် မြေဩဇာမရရှိခြင်းတို့ကြောင့် စားနပ်ရိက္ခာလုံခြုံမှုကို ခြိမ်းခြောက်နေသည်။
ပြည်တွင်းစစ်နှင့် အဆမတန် ငွေကြေးဖောင်းပွမှုဒဏ်ကို ခံစားနေရသည့်အပြင် လူဦးရေ၏ လေးပုံတစ်ပုံမှာ စားနပ်ရိက္ခာ လုံလောက်မှုမရှိသည့် မြန်မာနိုင်ငံသည် ယခုကဲ့သို့ လောင်စာဆီစျေးနှုန်း ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်မရှိကြောင်း ပညာရှင်များက သတိပေးထားသည်။
အမေရိကန်နှင့် အီရန်တို့ကြား နှစ်ပတ်ကြာ အပစ်ရပ်စဲမှုကြောင့် ရေလက်ကြား ပြန်ပွင့်လာနိုင်သော်လည်း မြန်မာနိုင်ငံတွင် လောင်စာဆီစျေးနှုန်းများ ချက်ချင်းကျဆင်းလာရန် သို့မဟုတ် လိုအပ်နေသည့် မြေဩဇာများကို အလျင်အမြန် တင်သွင်းနိုင်ရန်မှာ မလွယ်ကူလှပေ။
အကြောင်းမှာ နိုင်ငံခြားငွေ အလွန်နည်းပါးနေသော မြန်မာနိုင်ငံသည် အရှေ့အလယ်ပိုင်းမှ စွမ်းအင်နှင့် မြေဩဇာ (ယူရီးယား) ဝယ်ယူရန် ကြိုးပမ်းနေသည့် အာရှနိုင်ငံများအကြားတွင် နောက်ဆုံးတန်း၌သာ ရှိနေသောကြောင့် ဖြစ်သည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ သတိပေးချက်အရ ယခုစိုက်ပျိုးရာသီတွင် မြေဩ ဇာသုံးစွဲမှု ၅၀ ရာခိုင်နှုန်း လျော့ကျသွားပါက စိုက်ပျိုးရေးထုတ်လုပ်မှု ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်သည်ဟု ဆိုသည်။
“စားနပ်ရိက္ခာစျေးနှုန်းတွေက ၂၀ ရာခိုင်နှုန်းလောက် ထပ်တက်လာတယ်၊ အထူးသဖြင့် ဆား၊ ဆန်နဲ့ စားအုန်းဆီစျေးတွေပါ။ အခြေအနေက ပိုဆိုးလာနေတယ်၊ လောင်စာဆီ ခွဲတမ်းစနစ်ကြောင့် ပြည်သူတွေအပေါ် ဖိအားတွေ အများကြီး ရှိနေတယ်။ ဆိုင်ကယ်တစ်စီးကို ၂ လီတာ၊ ထရပ်ကားတစ်စီးကို ၁၅ လီတာလောက်ပဲ ကန့်သတ်ပြီး ထည့်ပေးနေရတယ်” ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်- WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Michael Dunford က ပြောသည်။
ကုန်သွယ်ရေးမြို့တော် ရန်ကုန်နှင့် ဝေးလေလေ အခြေအနေက ပိုဆိုးလေလေဖြစ်ပြီး တောင်သူများမှာ လယ်ယာပြင်ဆင်ချိန်တွင် ဆီဆိုင်များ၌ ၄ နာရီခန့် တန်းစီစောင့်ဆိုင်းနေရခြင်းက ကုန်ထုတ်လုပ်မှုကို ထိခိုက်စေသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူပေါင်း ၁၂.၄ သန်းမှာ နေ့စဉ် စားနပ် ရိက္ခာ လုံလောက်မှု မရှိဖြစ်နေပြီး၊ ၃.၅ သန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း WFP က ဆိုသည်။
ကမ္ဘာ့ဘဏ်ကမူ ယခင်က မြန်မာ့စီးပွားရေး ၃ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းခဲ့သော်လည်း လက်ရှိအကျပ်အတည်းများကြောင့် မရေမရာ ဖြစ်နေသည်။
သာမန်ပြည်သူများအတွက် လောင်စာဆီ ပြတ်လပ်နေချိန်တွင် စစ်ကောင်စီသည် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များကို တိုက်ခိုက်ရန်အတွက် ဆီများကို သိုလှောင်ထားပြီး ၎င်းတို့၏ လိုအပ်ချက်ကိုသာ ဦးစားပေးနေသည်ဟု စွပ်စွဲခံထားရသည်။
ဩစတေးလျနိုင်ငံ Curtin တက္ကသိုလ်မှ ပါမောက္ခ ထွေးထွေးသိန်းက “မြန်မာနိုင်ငံဟာ လောင်စာဆီ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပက တင်သွင်းနေရတာဖြစ်ပြီး ပြည်တွင်းမှာ ဆီချက်လုပ်နိုင်စွမ်း လုံးဝမရှိတာကြောင့် အခုအချိန်က အဆိုးဆုံးပါပဲ” ဟု ပြောသည်။
စစ်ကောင်စီသည် လေကြောင်းဆီ အပါအဝင် ရှိသမျှ လောင်စာဆီအရန်များကို စစ်ဆင်ရေးများအတွက် လမ်းကြောင်းလွှဲ အသုံးပြုနေပြီး ပြည်သူများမှာ ဆီရရန် နာရီပေါင်းများစွာ တန်းစီနေရချိန်တွင် အရပ်သားဒေသများကို လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေသည်ဟု သူမက ထောက်ပြသည်။
လက်ရှိတွင် မြေဩဇာစျေးနှုန်းများမှာလည်း နှစ်ဆခန့် မြင့်တက်လာနိုင်ပြီး အလယ်ပိုင်းဒေသမှ ကြက်သွန်စိုက်တောင်သူအချို့မှာ စိုက်ပျိုးရေးကို စွန့်လွှတ်ရန်ပင် စဉ်းစားနေကြသည်။ ထို့ပြင် မီးစက်ကိုသာ အားကိုးနေရသည့် ဆေးရုံများမှာလည်း လောင်စာဆီအခက်အခဲကြောင့် ဝန်ဆောင်မှုပေးရန် ရုန်းကန်နေရသည်။
“ဒါဟာ စွမ်းအင်အကျပ်အတည်း မဟုတ်ပါဘူး၊ နိုင်ငံရေးအကျပ်အတည်း ဖြစ်ပါတယ်” ဟု ပါမောက္ခ ထွေးထွေးသိန်းက မှတ်ချက်ပြု ပြောကြားသည်။
စစ်တပ်နှင့် ၎င်းကို ထောက်တိုင်ပြုထားသော စနစ်သည်သာ ပြဿနာဖြစ်ပြီး လောင်စာဆီ မည်မျှတင်သွင်းပါစေ ယင်းစနစ်က ပြောင်းလဲသွားလိမ့်မည် မဟုတ်ကြောင်း သူမက ဝေဖန်ခဲ့သည်။
ဓာတ်ပုံ- စက်သုံးဆီရရှိရေးအတွက် ရေစုပ်စက်နှင့်ရေတင်စက် မော်တော်များကို သယ်ဆောင်ပြီး ဆီဆိုင်တွင် သွားရောက်တန်းစီ ဝယ်ယူနေရစဉ်။
Photo Credit- CJ။
( South China Morning Postတွင် ဖော်ပြထားသည့် Myanmar’s food security in crisis as fuel, fertilizer shortages threaten fragile economy ကို ဘာသာပြန်ဆိုထားပါသည်။)






