30 C
Yangon

အကြမ်းဖက်စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး နဲ့ သတင်းအချက်အလက်စစ်ဆင်ရေး ယန္တရားများ

Must read

By နေဘုန်းလတ်

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူလူထုတရပ်လုံးနဲ့ တော် လှန်ရေး အင်အားစုတွေအားလုံးဆင်နွှဲနေကြတဲ့ ပြည်သူ့နွေဦးတော်လှန် ရေးကို ရင်ဆိုင်တုံ့ပြန်နိုင်ဖို့အတွက် စစ်လက်နက်ပစ္စည်းတွေ၊ စစ်အင်အားတွေ၊ နိုင်ငံ့ဘဏ္ဍာတွေ များစွာကို အသုံး ပြုပြီး ရုပ်ပိုင်းဆိုင်ရာစစ်ဆင်ရေး(Physical Warfare) တခုကို ဆင်နွှဲနေသလိုပဲ စိတ်ဓါတ်စစ်ဆင်ရေး(Psychological Warfare) နဲ့ သတင်းအချက်အလက်စစ်ဆင်ရေး (Information Warfare) တွေကိုလည်း အရှိန်အဟုန်နဲ့ ဆင်နွှဲလာနေတာကို တွေ့ရပါတယ်။

ဒီနေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ စိတ်ဓါတ်စစ်ဆင်ရေးနဲ့ သတင်းအချက် အလက် စစ်ဆင် ရေးတွေအတွက် အဓိက အသုံးပြုနေတဲ့ ယန္တရားတွေများစွာ ထူထောင်ထားပါတယ်။

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး(ကကပြည်)

————————————————————————–

အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်မှာ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး(ကကပြည်)ဆိုတာရှိပါတယ်။ အင်္ဂလိပ်လို the Directorate of Public Relations and Psychological Warfare(DPRPW) လို့ ခေါ်ပါတယ်။ အရင်က ဇော်မင်းထွန်းက အဲဒီ့တပ်ဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဖြစ်ခဲ့ပြီး အခုတော့ အဂတိမှုကြောင့် ဖယ်ရှားခံရတာကြောင့် ရဲရင့်အောင်က ညွှန်ကြားရေးမှူးဖြစ်လာပါတယ်။

အဲဒီ့ ရုံးအောက်မှာ မြဝတီအသံလွှင့်ဌာန၊ သဇင်အသံလွှင့်ဌာန၊ မြဝတီစာပေတိုက်၊ မြဝတီသတင်းစာတိုက်၊ ရတနာပုံသတင်းစာတိုက်၊ မြဝတီ၊ ငွေတာရီ၊ သုတအလင်း စတဲ့ မဂ္ဂဇင်းတွေနဲ့ နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲတွေရှိတယ်။

ပြောချင်တာက မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ဟာ စစ်ဝါဒကိုကာလရှည်ကြာထူ ထောင်ထားနိုင်ရေး လိုအပ်တဲ့ ဝါဒဖြန့်ချိရေးတွေလုပ်နိုင်ဖို့ ရုပ်သံ၊ FM၊ ပုံနှိပ်ထုတ်ဝေ စတဲ့ ကိုယ်ပိုင်သတင်း ထုတ်လုပ်ဖြန့်ချိမှုအားလုံးကို နိုင်ငံတော်ဘတ်ဂျက်နဲ့ တောက်လျောက် လုပ်နေခဲ့တယ် ဆိုတာပါ။

ဒါတွေက စစ်တပ်က ပိုင်တယ်လို့ တိုက်ရိုက်ပြောနိုင်တဲ့ဟာတွေဖြစ်ပြီး စစ်တပ်က တိုက် ရိုက်ပိုင်ဆိုင်တာ မဟုတ်ဘဲ သွယ်ဝိုက်သောနည်းအားဖြင့် ပိုင်ဆိုင်ထားတဲ့ သတင်းမီဒီယာ၊ မာတီမီဒီယာ လုပ်ငန်းတွေလည်း များစွာရှိနေပါသေးတယ်။ ဥပမာ- မင်းအောင်လှိုင်ရဲ့ သမီးက သတ္တမမြောက်အာရုံ (Seventh Sense) ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကို ပိုင်ဆိုင်တယ် ဆိုတာမျိုးပေါ့။

ကွန်ပျူတာနဲ့ နည်းပညာညွှန်ကြားရေးမှူးရုံး(ကကကွန်)

——————————————————

အခုနောက်ပိုင်း အင်တာနက်တွေကောင်းလာပြီး လူမှုကွန်ယက်စာမျက်နှာတွေ အသုံးများ လာကြတဲ့အခါမှာလည်း အကြမ်းဖက်စစ်တပ်ဟာ လူမှုကွန်ယက်တွေပေါ်မှာလည်း ဝါဒ ဖြန့်မှုတွေ လုပ်လာသလို ပြည်သူတွေကိုလည်း မတရားတဲ့ ဥပဒေအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချတာတွေလုပ်ပြီး သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အလွန်အကျူးခြိမ်းခြောက် ချိုးဖောက်ခဲ့ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး လူမှုကွန်ရက်ပို့စ်ကို Love React ပေးရုံနဲ့ ထောင် ၇ နှစ်ချခံရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ဒီကိစ္စတွေအတွက် အဓိက စောင့်ကြည့်ထောက်လှမ်းတာကတော့ အကြမ်းဖက်စစ်တပ် ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ လက်အောက်က ကွန်ပျူတာနဲ့ နည်းပညာညွှန်ကြားရေးမှူးရုံး(ကကကွန်)ကသူတွေဖြစ်ပါတယ်။

အဲဒီ့မှာဆိုရင် ရုရှားကနေ သတင်းအချက်အလက်နည်းပညာတွေကို သင်ယူခဲ့တဲ့ စစ်သားအချို့က တာဝန်ယူပြီး နည်းပညာအရ ထောက်လှမ်း၊ စောင့်ကြည့်၊ ခြေရာခံ၊ အရေးယူ စတဲ့ ကိစ္စတွေကို အဓိက လုပ်ဆောင်ပါတယ်။

အင်တာနက်အသုံးပြုသူတွေကို အရေးယူနိုင်ရေးကော်မတီ

———————————————————-

၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှာ “အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံရေးအရတိုက်ခိုက်ပြောဆိုခြင်းအပေါ် ဥပဒေကြောင်း အရ တားမြစ်အရေးယူဆောင်ရွက်နိုင်ရေး ကော်မတီ” ဆိုတဲ့ ကော်မတီကိုထပ်ဖွဲ့ ပြည်ထဲရေးဒုဝန်က ဥက္ကဋ္ဌ၊ ပို့ဆက်ဒုဝန်က ဒုဥက္ကဋ္ဌ လုပ်ပြီး လွတ်လပ်စွာရေးသားထုတ် ဖော်ပြောဆိုခွင့်ကို အကြီးအကျယ်ချိုးဖောက်ဖို့ လုပ်ခဲ့ပါတယ်။

တော်လှန်ရေးဘက်နဲ့ တော်လှန်ရေးကို ထောက်ခံကြတဲ့ ပြည်သူတွေကို နှိပ်ကွပ်သလို တစ်ဖက်ကလည်း သတင်းမီဒီယာအမည်ခံ လူမှုကွန်ယက်စာမျက်နှာတွေ၊ လူပုဂ္ဂိုလ်အမည်ခံ လူမှုကွန်ယက်စာမျက်နှာတွေ၊ အမည်မခံတဲ့ အကောင့်တုတွေ များစွာကို ဖန်တီးပြီး သူတို့ရဲ့ ဝါဒဖြန့်ချိရေးအတွက် ကွန်ယက်သဖွယ် ချိတ်ဆက်အလုပ်လုပ်ပါတယ်။

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

————————————-

ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုဟာ ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ အောက်မှာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဆိုတာကိုဖွဲ့စည်းခဲ့ပါသေးတယ်။ အဲဒီ့ ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်က ဒေါ်သီတာတင် ဖြစ်ပါတယ်။ ဒေါ်သီတာတင်ရဲ့ ယောင်္ကျားကတော့ စစ်တပ်အရာရှိဟောင်း ဦးကိုကိုလှိုင်ပါ။

အဲဒီ့ ဌာနလက်အောက်က လူတွေဟာ လူမှုကွန်ယက်ပေါ်က ပို့စ်တွေမှာ ပြည်သူတွေပုံစံ အသွင်ယူပြီး မှတ်ချက်(Comment) ရေးတာ၊ ပြန်လည်တုံ့ပြန်တာတွေအပါအဝင် စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးကို လုပ်ကြရပါတယ်။ အဲဒီ့ ဌာနလက်အောက်က နေ့စားဝန်ထမ်းတွေဟာ တရက်ကို ၆၈၀၀ နှုန်းနဲ့ အလုပ်လုပ်ကြရတာကြောင့် ၆၈၀၀ စားဆိုတဲ့ စကားလုံးတောင် ပေါ်ပေါက်ခဲ့ပါသေးတယ်။

သတင်းလွှာထုတ်ပြန်ရေးနှင့် တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့

———————————————————

၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့မှာလည်း “သတင်းလွှာ(Information Sheet) ထုတ်ပြန်ရေးနှင့် တန်ပြန်သတင်းဖြန့်ချိရေးအဖွဲ့” ဆိုတာကိုလည်း ကာကွယ်ရေးဒုဝန်က အဖွဲ့ခေါင်းဆောင်၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး က ဒုအရာရှိချုပ်က အတွင်းရေးမှူး၊ ဒုရဲချုပ်(၁) က တွဲဖက်အတွင်းရေးမှူး လုပ်ပြီး ထပ်ဖွဲ့ခဲ့ပါတယ်။

အဲဒီ့ အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေက အကြမ်းဖက်စစ်အုပ်စုရဲ့ အရေးကြီးသတင်းတွေကို မြန်မာ၊ အင်္ဂလိပ်၊ ရုရှား၊ တရုတ် ၄ ဘာသာနဲ့ သတင်းလွှာထုတ်ပြီး သံရုံး၊ စစ်သံရုံးတွေကိုပို့ဖို့ပါ။ ဒီနေရာမှာ ရုရှားနဲ့ တရုတ်ဘာသာကိုပါ ပြန်ဆို ဖြန့်ချိမယ်ဆိုတာက အကြမ်းဖက်စစ်အုပ်စုရဲ့ အဲဒီ့နိုင်ငံတွေအပေါ် အလေးထားအားကိုးမှုကို မြင်ရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းတွေကို လူမှုကွန်ယက်တွေမှာ နည်းလမ်းပေါင်းစုံနဲ့ ဖြန့်ချိဖို့နဲ့ ဒီနေရာမှာ နည်းလမ်းပေါင်းစုံဆိုတာက လက်သပ်မွေးထားတဲ့ ပြီးတော့ လိုက်ဝယ်ထားတဲ့ သတင်းမီဒီယာ အမည်ခံစာမျက်နှာတွေ၊ လော်ဘီတွေနဲ့ ၆၈၀၀ စားတွေရဲ့ အခန်းကဏ္ဍလဲ ပါဝင်ပါလိမ့်မယ်။

တော်လှန်ရေးဘက်က သတင်းတွေကို တုံ့ပြန်ချေဖျက်ဖို့ ပါ။ ဒါကိုလည်း လက်သပ်မွေးထားတဲ့ ပြီးတော့ လိုက်ဝယ်ထားတဲ့ သတင်းမီဒီယာ အမည်ခံစာမျက်နှာတွေ၊ လော်ဘီတွေနဲ့ ၆၈၀၀ စားတွေရဲ့ အင်အားနဲ့ လုပ်ပါလိမ့်မယ်။ တော်လှန်ရေးအင်အားစုတွေကို သတင်းအချက်အလက်စစ်ဆင်ရေးပြုလုပ်ဖို့လည်းပါဝင်ပါတယ်။ သတင်းအချက်အလက် စစ်ဆင်ရေး Information Warfare လုပ်မယ်လို့ တရားဝင်ကြေညာတဲ့ သဘောတွေ့ရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အရာရှိ စစ်သည်နဲ့ မိသားစုဝင်တွေ ကို စိတ်ဓါတ်မြှင့်တင်ရေးလုပ်ဖို့လည်းပါဝင်ပြီး အတွင်းပိုင်း ဝါဒမှိုင်းတိုက်ရေး၊ စည်းရုံးရေးကို ဦးတည်ထားတာတွေ့ရပါတယ်။ အကြမ်းဖက်စစ်တပ်ဝန်ထမ်းတွေကို ယုံကြည်ချက်၊ ခံယူချက်မှန်ကန်လာစေရေး စိတ်ဓါတ်မြှင့်တင်ရေးသတင်းတွေ ရေးသားထုတ်ပြန်ဖို့လည်းပါဝင်ပြီး ဒါလည်း အတွင်းပိုင်း ဝါဒမှိုင်းတိုက်ရေး၊ စည်းရုံးရေးကို ဦးတည်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ သတင်းတွေကို စုဆောင်း၊ ပြုစု၊ ရေးသားဖို့ ဆိုတာတွေဖြစ်တယ်။ ဒါကတော့ အကြောင်းအရာ(Content)တွေ ရေးသားထုတ်လုပ်ရေးအပိုင်းကိုတွေ့ရပါတယ်။

အဲဒီအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေကို လေ့လာကြည့်ရင် တရုတ်၊ ရုရှဆီကို အကြမ်းဖက်စစ်တပ်ရဲ့ သတင်းတွေရောက်ဖို့၊ လူမှုကွန်ယက်စာမျက်နှာတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ သတင်းတွေ လွှမ်းမိုးနိုင်ရေး သတင်းအချက်အလက်စစ်ဆင်ရေး(Information Warfare)လုပ်ဖို့နဲ့ အတွင်းပိုင်း စည်းရုံးရေးလုပ်ဖို့တွေကို ဦးတည်ထားတာတွေ့ရတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်ဟာ ဖွဲ့စည်းမှုအစုံ၊ နည်းလမ်းပေါင်းစုံသုံးပြီး သတင်းမီဒီယာကဏ္ဍနဲ့ သတင်းအချက်အလက်ဝန်းကျင်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်ဆိုတာ ထင်ရှားပါတယ်။

ဒီအဖွဲ့အစည်းတွေအားလုံးအတွက် အသုံးပြုထားတဲ့ ငွေအင်အား၊ လူအင်အား၊ ပစ္စည်းအင်အား၊ အခြေခံအဆောက်အအုံအင်အားနဲ့ နည်းပညာအင်အားတွေကလည်း နည်းမှာမဟုတ်ပါဘူး။

အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲကနေ တဆင့် စစ်ယူနီဖောင်း တွေကနေ တိုက်ပုံတွေပြောင်းဝတ်ထားတဲ့ ဟန်ပြလွှတ်တော်တွေခေါ်၊ အစိုးရအမည်ခံ ဟန်ပြအဖွဲ့ကြီး ဖွဲ့ပြီးနောက်မှာလည်း သတင်းမီဒီယာတွေရဲ့ သတင်းလွတ်လပ် ခွင့်ကိုရော၊ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်ကိုရော အားလုံးရဲ့ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုပိုင်ခွင့်တွေကိုရော ဆက်လက် ခြိမ်းခြောက်ချိုးဖောက်သွားမယ်ဆိုတာကလည်း သိပ်ကိုသေချာနေပြန်ပါတယ်။

ဒီစာမှာတော့ ယန္တရားတွေအကြောင်းကိုပဲ အဓိက မျှဝေထားတာဖြစ်ပြီး စစ်တပ် ပြန်ကြား ရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံ ကို ဂျင်းထည့်ဖို့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃ သန်း သုံးပြီး DCI လို့ခေါ်တဲ့ လော်ဘီအဖွဲ့ကို ငှားခဲ့တာတွေ၊ စစ်ဆင်ရေး ၃ ခုအနက် ၁ ခုနဲ့ တခု ချိတ်ဆက် အလုပ်လုပ်တာတွေ၊ ရုပ်သံလွှင့်လိုင်း၊ တယ်လီဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို စိုးမိုးချယ်လှယ်ထားတာတွေ နဲ့ အခြားသော နည်းနာတွေအကြောင်းကို လေ့လာ မိသလောက် ထပ်ရေးပါဦးမယ်။

ဆွန်ဇူးရဲ့ စကားတခွန်းရှိပါတယ်။ “အကောင်းတကာအကောင်းဆုံးကတော့ ရန်သူရဲ့ ခံနိုင်ရည်ကို ကိုယ်ထိလက်ရောက်တိုက်ခိုက်စရာမလိုဘဲ ချိုးဖျက်နိုင်ခြင်းပဲ” တဲ့။

အခုအချိန်မှာ အကြမ်းဖက်စစ်တပ်က တော်လှန်ရေးရဲ့ ခုခံမှုနဲ့ ခံနိုင်ရည်ကို ချိုးဖျက်နိုင်ဖို့ မြေပြင်ရုပ်ပိုင်းဆိုင်ရာစစ်ပွဲတွေနဲ့ အပြိုင် စိတ်ဓါတ်စစ်ဆင်ရေးနဲ့ သတင်းအချက်အလက် စစ်ဆင်ရေးတွေကိုပါ အားစိုက်လုပ်ဆောင်လာချိန်မှာ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ပြည်သူ့အား၊ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေ၊ သတင်းသမားတွေရဲ့အားကိုသာ အဓိက အားကိုးရင်ဆိုင်နေရတဲ့အခြေအနေဖြစ်ပါတယ်။

တော်လှန်ရေး မကျိုးပျက်ဖို့၊ ကျွန်တော်တို့ရဲ့ ခံနိုင်ရည်တွေ မကျိုးပျက်ဖို့ ဒီစစ်ဆင်ရေးတွေမှာလည်း တော်လှန်ရေး ဘက်တော်သားတွေအားလုံး အသိ၊ သတိနဲ့ စုစည်းတိုက်ပွဲဝင်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ အရေးတော်ပုံ မုချအောင်ရမည်။

(နေဘုန်းလတ်သည် NUG ဝန်ကြီးချုပ်ရုံး၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article