30 C
Yangon

ယင်းမာပင်နှင့် ပုလဲမြို့နယ်အစပ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ပြီး မြေပြင်မှ စစ်ကြောင်းထိုးနေ၍ ရွာပေါင်း ၆ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဧပြီ ၉

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းပြီး မြေပြင်ကလည်း စစ်ကြောင်းထိုးနေ၍ ရွာပေါင်း ၆ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပုလဲမြို့ပေါ်မှ မြောက်ဘက်သို့ ထွက်ခွာလာသော အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်ကြောင်းသည် အလယ်ဘုံရွာမှတဆင့် ပုလဲမြို့နယ်မြောက်ပိုင်းရှိ လက်တောင်းကြီးကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်ကာ တပ်စွဲခဲ့ကြောင်း၊ ယနေ့ ဧပြီ လ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တပ် စစ်ကြောင်းသည် မြောက်ဘက်သို့ ဆက်လက်ထွက်ခွာနေကြောင်း သိရသည်။

အလားတူ ယင်းမာပင်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည်လည်း ယနေ့ ဧပြီ ၉ ရက်နေ့ နံနက်ပိုင်းတွင် လည်ငေါက်ကျေးရွာ အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းခြင်းမပြုလုပ်မီ ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက မိထ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာ အနီးနားကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်သွားကြောင်း၊ ညနေပိုင်းတွင်လည်း တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးကလည်း ပုလဲမြို့နယ်၊ လက်တောင်းကြီးရွာ မြောက်ဘက် ဆည်မြောင်းအနီး စိုက်ကွင်းထဲကို လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ အကြမ်းဖက် စစ်တပ်က လေကြောင်းနှင့် မြေပြင်မှ စစ်ကြောင်းထိုး ဗုံးကျဲနေခြင်းကြောင့် ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အတွင်းရှိ လည်ငေါက်ရွာ၊ လက်တောင်းငယ်ရွာ၊ သရက်ကန်ရွာ၊ တမာပင်ခွရွာ၊ မကျည်းကန်ရွာနှင့် လက်တောင်းကြီးကျေးရွာတို့မှ ပြည်သူအများအပြားသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မနေ့က လည်ငေါက်ရွာ ဝန်းကျင်မှာ မွန်းလွဲပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲတိုက်ခိုက်သွားတယ်လို့ကြားတယ်။ ညနေပိုင်းမှာလည်း လက်တောင်းကြီးရွာမြောက်ဘက် ဆည်မြောင်းအနီး ဧကတစ်ရာစိုက်ကွင်းထဲ ဗုံးလာကျဲသွားတာ တစ်နေ့တည်းကို ၂ ကြိမ်ရှိမယ်။ ယင်းမာပင်မြို့ထဲကထွက်လာတဲ့ စစ်ခွေးတွေက ငါးမောင်း(အနောက်)ရွာထဲမှာတပ်စွဲပြီး ဒီနေ့ ငါးမောင်းအနောက်ရွာကနေ လည်ငေါက်ဘက်ကို ရွေ့နေတယ်လို့ကြားတယ်။ ပုလဲဘက် ထွက်လာတဲ့ စစ်ခွေးတွေက လက်တောင်းကြီးရွာထဲက စာသင်ကျောင်းမှာမှာတပ်စွဲနေထိုင်ပြီး မြောက်ဘက်ဆက်ထိုးနေတယ် ကြားတယ်။ လည်ငေါက်ရွာ- လက်တောင်းငယ်ရွာ-သရက်ကန်ရွာ-မကျည်းကန်ရွာ-လက်တောင်းကြီးရွာ တို့ဟာ ယင်းမာပင်မြို့နှင့်ပုလဲမြို့ ကြားကရှိတဲ့ရွာတွေက စစ်ရှောင်နေကြရတယ်။ လည်ငေါက်ရွာ အနောက်ဘက်က တမာပင်ခွရွာက ပြည်သူတွေလည်း တိမ်းရှောင်နေကြရတယ်။ အိမ်ထောင်စုဦးရေတော့ လောလောဆယ် မခန့်မှန်းလို့မရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် စစ်ရေးအခြေအနေများကြောင့် မုံရွာ-ယင်းမာပင် လမ်းပိုင်းနှင့် ပုလဲ-ဂန့်ဂေါ လမ်းပိုင်းတို့နှင့် ထိစပ်နေသော လမ်းများကို ဧပြီလ ၆ ရက်နေ့မှစတင်ကာ ယာယီသွားလာခွင့်ပိတ်သိမ်းထားကြောင်း၊ ထို့ပြင် ပုလဲ-လည်ငေါက်-ဆားလင်းကြီး-ယင်းမာပင်-မောင်တုံ လမ်းပိုင်းတိုတွင်လည်း ဖြတ်သန်းသွားလာခွင့် ယနေ့ ဧပြီ ၉ ရက်နေ့မှစ၍ ယာယီသွားလာခွင့်ပိတ်သိမ်းထားကြောင်း၊ ပြည်သူများအနေဖြင့် လေကြောင်းအသိ၊ စစ်ရေးအသိများဖြင့် အထူးဂရုစိုက်နေထိုင်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article