ရန်ကုန်၊ ဧပြီ ၁၀
ရန်ကုန်နှင့် နေပြည်တော်ရှိ လူငယ်များနှင့် ဆောက်လုပ်ရေးလုပ်သားလူငယ်များ ပေါ်တာဆွဲဖမ်းဆီးခံနေရပြီး ပြန်လည် လွတ် မြောက်ရန် ၁ ဦးလျှင်ငွေကျပ် သိန်း ၁၅၀ တောင်းနေကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကြို့ကုန်းကျေးရွာနေ အဖ ဦးမောင်မောင်၏သား အသက် ၂၀ အရွယ် မောင်နေဝင်း (ခ) ထွားကြီး နှင့် အဖ ဦးဌေးအောင်၏သား အသက် ၁၉ အရွယ် မောင်ရန်ကြီးအောင် တို့မှာ နေပြည်တော်သို့ အသွား ဒက္ခိဏသီရိမြို့နယ်တွင် ပေါ်တာဆွဲဖမ်းဆီးခြင်း ခံခဲ့ရကြောင်း သိရှိရသည်။
အလားတူ လယ်ဝေမြို့နယ်၊ ကြို့ကုန်းကျေးရွာမှပင် အဖ ဦးညွှန့်တင်နှင့် အမေ ဒေါ်ပြုံးကြည်တို့၏သား အသက် ၁၉ နှစ်အရွယ် မောင်ဝေမိုးလွင် သည်လည်း ပျဉ်းမနားသို့အသွားတွင် ပေါ်တာဆွဲခံခဲ့ရပြီး မိသားစုက ငွေကျပ်သိန်း ၁၅၀ ပေး၍ စစ်တပ်ထံမှ ပြန်ရွေးခဲ့ရကြောင်း သိရှိရသည်။
“လယ်ဝေးမှာ လူငယ်တွေ အတော်များများ ပေါ်တာဆွဲ ခံနေရတယ်။ နေပြည်တော်တက်ရင်း၊ ပျဉ်းမနားသွားရင်း အဖမ်းခံရတာ၊ အလုပ်သွား အလုပ်ပြန် လူငယ်တွေလည်း ပေါ်တာဆွဲခံရတာမနည်းဘူး။ နေပြည်တော်မှာကို ပေါ်တာဆွဲခံရနေတာပါ” ဟု လယ်ဝေးမြို့နယ်မှ ပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ရန်ကုန်မြို့တွင်လည်း ဆောက်လုပ်ရေးလုပ်သားများ လမ်းခရီး၌ ပေါ်တာဆွဲခံရကာ ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ လုပ်ငန်းခွင်တစ်ခုမှ မြေတူးအလုပ်သမားနှင့် ပန်းရံဆရာ လူငယ်နှစ်ဦးမှာ မတ်လ ၁၆ ရက်နေ့က အလုပ်မှအိမ်အပြန်လမ်းတွင် ပျောက်ဆုံးသွားခဲ့ပြီး၊ ရက်အနည်းနေ့အကြာတွင်မှ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ စစ်သင် တန်းကျောင်းသို့ ပို့ဆောင်ခံလိုက်ရကြောင်း မိသားစုထံသို့ စစ်တပ်က ဖုန်းဆက်အ ကြောင်း ကြားလာခဲ့သည်ဟု လုပ်ငန်းရှင်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
အလားတူ နေပြည်တော်၊ ရွှေနံသာရပ်ကွက်ရှိ KTK Construction Co, Ltd မှ အလုပ် သမားနှစ်ဦးဖြစ်သော ကိုထက် (ပန်းရံသမား) နှင့် ကိုစိုင်းကိုကိုဝေ (ဆေးသုတ်သမား) တို့သည်လည်း ဧပြီလ ၉ ရက်နေ့ လုပ်ငန်းခွင်အတွင်း ဧည့်စာရင်းစစ်ခံရကာ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း အဆိုပါအလုပ်ပိုင်ရှင်က လူမှုကွန်ရက်မှတစ်ဆင့် အသိပေးဖော်ပြချက်အရ သိရှိရသည်။
အဆိုပါအလုပ်သမား ၂ ဦး တို့မှာ ဧည့်စာရင်းတိုင်ထားသလို မှတ်ပုံတင်လည်း ရှိကြသော်လည်း အုပ်ချုပ်ရေးမှူးက ၎င်းတို့ကို ဥတ္တရရဲစခန်းသို့ ပို့လိုက်ပြီဟုသာ ပြောဆိုခဲ့သည်ဟု သိရှိရသည်။
ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်များနှင့် လုပ်ငန်းခွင်တာဝန်ခံများကမူ နိုင်ငံတည်ဆောက်ရေးတွင် အဓိကကျသည့် အခြေခံလုပ်သားများကို ယခုကဲ့သို့ အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းမှာ လူလူချင်းစာနာမှုကင်းမဲ့သည့် လုပ်ရပ်ဖြစ်ကြောင်းနှင့် ထိုသို့လုပ်သားများမရှိတော့ပါက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုလည်း ရပ်တန့်သွားနိုင်ကြောင်း ဝေဖန်ထောက်ပြထားသည်။




