30 C
Yangon

95 ဓာတ်ဆီ ၁ လီတာလျှင် ၄၉၄၅ ကျပ်နှင့် ပရီမီယံဒီဇယ် ၁ လီတာ ၇၇၅၅ ကျပ်အထိ စစ်တပ်က စျေးနှုန်းမြှင့်တင်၊ ဆီခွဲတမ်းများကို ထပ်မံ လျော့ချလိုက်သဖြင့် ဆီဆိုင်များ ဆီပြတ်လပ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

Must read

ရန်ကုန်၊ ဧပြီ ၁၀

မြန်မာနိုင်ငံအတွင်း စက်သုံးဆီစျေးနှုန်းများကို စစ်တပ်က ယနေ့ ထပ်မံမြှင့်တင်လိုက်ရာ 95 ဓာတ်ဆီတစ်လီတာလျှင် ၄၉၄၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၇၇၅၅ ကျပ်အထိ စံချိန်တင်မြင့်တက်လာခဲ့ပြီး ဆီခွဲတမ်းများ အလွန်အမင်းလျော့ချနေသောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆီပြတ်လပ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဆီဆိုင်လုပ်ငန်းရှင်များထံမှ သိရှိရသည်။

ယနေ့စျေးနှုန်းထုတ်ပြန်ချက်အရ ၉၂ ဓာတ်ဆီမှာ တစ်လီတာလျှင် ၄၇၃၅ ကျပ် (ယခင်စျေးနှုန်းထက် ၁၁၀ ကျပ်တက်)၊ ၉၅ ဓာတ်ဆီမှာ ၄၉၄၅ ကျပ် (၁၆၅ ကျပ်တက်)၊ ဒီဇယ်မှာ ၆၄၈၅ ကျပ် (၈၀၅ ကျပ်တက်) နှင့် ပရီမီယံဒီဇယ်မှာ ၇၇၅၅ ကျပ် (၉၅၀ ကျပ်တက်) အထိ အသီးသီးမြင့်တက်သွားခြင်းဖြစ်ကာ ဒီဇယ်စျေးနှုန်းမှာ သိသိသာသာ ခုန်တက်သွားခြင်းဖြစ်သည်။

စက်သုံးဆီလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ လက်ရှိတွင် စက်သုံးဆီတင်သွင်းသူ (Importer) များက ဆီများကို ထုတ်မပေးဘဲ ထိန်းထားသည့်အပြင် အော်ဒါအဟောင်း (PO) များကိုပါ စျေးနှုန်းအသစ်ဖြင့် တောင်းခံနေသည့်အတွက် ဆီဆိုင်များတွင် ရောင်းချရန် ဆီမရှိတော့သည့် အခြေအနေဖြစ်ပေါ်နေကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်ကမူ နိုင်ငံအတွင်း ဆီပြတ်လပ်နေသည်ကို အမှန်အတိုင်းဝန်မခံဘဲ အောက်ခြေမြေပြင်တွင် ဆီဆိုင်များ ဆီထုတ်မရဖြစ်နေသည့် အခက်အခဲကို ဖြေရှင်းပေးနိုင်ခြင်းမရှိသည့်အပြင် အထက်ပိုင်းတာဝန်ရှိသူများကလည်း လက်တွေ့အခြေအနေကို လာရောက်ကြည့်ရှုခြင်းမရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေပါသည်။

လက်ရှိတွင် ဆီဆိုင်များသို့ ချပေးသည့် ဆီခွဲတမ်းများမှာ အလွန်အမင်း လျော့နည်းသွားသဖြင့် ဆီဆိုင်ငယ်အချို့တွင် တစ်ရက်လျှင် လီတာ ၃,၀၀၀ မှ ၄,၀၀၀ ခန့်အထိ လျော့ကျသွားပြီး တစ်ပတ်စာလုံးအတွက်ပင် ဆီလီတာ ၈,၀၀၀ ခန့်သာ ရရှိတော့ကြောင်း သိရပါသည်။

ယင်းကဲ့သို့ ဆီစျေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာပြီး ခွဲတမ်းများလျော့နည်းသွားခြင်းကြောင့် ဆီဆိုင်များတွင် ဆီပြတ်လပ်မှုများ ထပ်မံဖြစ်ပေါ်လာတော့မည်ဖြစ်ကာ ပြည်သူများအနေဖြင့် သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေကုန်ကျစရိတ်များ ပိုမိုမြင့်မားလာမည့်ဒဏ်ကို အပြင်းအထန်ရင်ဆိုင်နေရကြောင်း ဆီဆီုလုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောဆိုသည်။

စစ်တပ်ကမူ ဆီပြတ်လပ်နေသည်ကို အမှန်အတိုင်း ဝန်မခံဘဲ အောက်ခြေတွင် ဆီဆိုင်များ ဆီထုတ်မရဖြစ်နေမှုကို ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း ဝေဖန်နေကြသည်။

“ဆီက မရှိတာလား၊ မထုတ်ပေးတာလား မသိဘူး။ ခွဲတမ်းတွေက အရမ်းလျော့နေတော့ ဘယ်လိုမှ ရောင်းလို့မရတော့ဘူး။ အပေါ်ကလူတွေကတော့ ဘာမှဆင်းမကြည့်ဘူး” ဟု ဆီဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြပြောဆိုသည်။

လက်ရှိအခြေအနေအရ ဆီဆိုင်များတွင် ဆီပြတ်လပ်ပါက စျေးနှုန်းများ မတည်ငြိမ်ဘဲ ဆက်လက်မြင့်တက်နေနိုင်သည့်အတွက် သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုအပေါ် ကြီးမားသော ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း ဆီဆိုင်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းက သုံးသပ်နေကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article