ရန်ကုန်၊ ဧပြီ ၁၀
“ဝ” ပြည်နယ်အတွင်း လုပ်ကိုင်နေကြသည့် ဓာတုစက်ရုံများနှင့် ဖောက်ခွဲရေးပစ္စည်း ထုတ် လုပ်ရေးလုပ်ငန်းများအားလုံးကို ယာ ယီပိတ်သိမ်းကာ လုံခြုံရေးဆိုင်ရာ စစ်ဆေးပြင်ဆင်မှုများ ပြုလုပ်ရန် “ဝ” ပြည်နယ် အရပ်ဘက် ဖောက်ခွဲရေးပစ္စည်း စီမံခန့်ခွဲရေးရုံးက ဧပြီလ ၈ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
ထိုကဲ့သို့ ယာယီပိတ်သိမ်းရန် အမိန့်ထုတ်ပြန်ရခြင်းမှာ ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်ခန့်က ပန်ဆန်းမြို့၊ ယောင်ပန်းကျေးရွာရှိ တရုတ်နိုင်ငံသားပိုင် ယမ်းချက်စက်ရုံနှင့် ယမ်းသိုလှောင်ရုံများ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဖြစ်သည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လက်ရှိအချိန်ထိ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၅၀ နီးပါးအထိ ရှိနေကြောင်း သိရှိရပြီး UWSA အနေဖြင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်အရ ပြည်နယ်တစ်ဝှမ်းရှိ ဓာတုစက်ရုံများအားလုံးသည် ထုတ်လုပ်မှုလုပ်ငန်းများကို ချက်ချင်းရပ်နားရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် လုံခြုံရေးဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး စစ်ဆေးမှုများကို အပြည့်အဝ ဆောင်ရွက်ရမည် ဖြစ်သည်။
ယာယီပိတ်သိမ်းထားသည့် ကာလအတွင်း မည်သည့်လုပ်ငန်းအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်မဆို ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်စတင်ခြင်း သို့မဟုတ် ဆက်စပ်လုပ်ငန်းများ လုပ်ကိုင်ခြင်းကို အပြတ်အသတ် တားမြစ်ထားသည်။
ယခုထုတ်ပြန်ထားသည့် အမိန့်ကို လိုက်နာခြင်းမရှိဘဲ လျှို့ဝှက်စွာ ထုတ်လုပ်မှုများ ပြုလုပ်ခြင်း သို့မဟုတ် စစ်ဆေးပြင်ဆင်မှုများကို ပျက်ကွက်ခြင်းများ ရှိပါက “ဝ” ပြည်နယ် အခြေခံဥပဒေအရ ပြင်းထန်စွာ အရေးယူသွားမည်ဟု ဆိုသည်။
အဆိုပါ စက်ရုံများနှင့် လုပ်ငန်းများသည် လုံခြုံရေးစစ်ဆေးမှုများ ပြီးစီး၍ သက်ဆိုင်ရာ၏ အတည်ပြုချက်ရရှိပြီးမှသာ ထုတ် လုပ်မှုများကို ပြန်လည်စတင်ခွင့်ရရှိမည်ဖြစ်ပြီး လုပ်ငန်းပြန်လည်စတင်နိုင်မည့် ရက်စွဲကိုလည်း ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။




