ရန်ကုန်၊ ဧပြီ ၁၀
မကွေးတိုင်း၊ မြို့သစ်မြို့နယ်နှင့် နတ်မောက်မြို့နယ်အကြား လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သုံးပွင့်ဗိုလ်ကြီး ၁ ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၈ ရက်နေ့ အင်အား ၅၀ ခန့်ပါဝင်သော စစ်တပ်စစ်ကြောင်းကို သရက်ခရိုင်အမှတ် (၃) တပ်ရင်း (ငါးပြေမပြောက်ကျားတပ်ဖွဲ့) နှင့် နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ၈ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော်တစ်ဦး ကျဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ရှင်းပြသည်။
” စစ်ခွေး သေဆုံးတာက ၃ ပွင့်ဗိုလ်ကြီးအပါအဝင် ၈ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ စစ်ခွေးတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မိနစ် ၃၀ လောက်ကြာတယ်”ဟု ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူကပြောဆိုသည်။
အလားတူ ဧပြီလ ၁ ရက်နေ့ကလည်း ကပစ ၁၇ အတွင်းမှ ထွက်ခွာလာသည့် အင်အား ၈၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို အဆိုပါပူးပေါင်းတပ်ဖွဲ့များကပင် မြို့သစ်နှင့် နတ်မောက်အကြား ရှေ့တန်းတစ်နေရာ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးခဲ့သေးသည်။
တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် MA ကျည်ဘောက် ၃ ခုနှင့် ၅.၅၆ ကျည် ၉၀ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါဒေသတဝိုက်၌ စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးလှုပ်ရှားမှုများ ရှိနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြည့်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။




