ရန်ကုန်၊ ဧပြီ ၁၀
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမတ ၃၁၆ တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မွန်သွေးတပ်တော်က ထုတ်ပြန်ထားသည်။
ဧပြီလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ၃၁၆ အမြောက်တပ်ရင်းကို မွန်သွေးတပ်တော်က လက်နက်ကြီး၊ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
မွန်သွေးတပ်တော်သည် မွန်လူငယ်အင်အားစုများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ဖွဲစည်းခဲ့ပြီး တပ်တော်၏ နိုင်ငံရေးထက် စစ်ရေးကိစ္စတွေကိုသာ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး တပ်အင်အားများကို ဖြည့်တင်းသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ထို့ပြင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်-မုဒုံ လမ်းပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မုဒုံမြို့နယ်၊ သံဖြူဇရပ်-မုဒုံ လမ်းပိုင်းရှိ ကွမ်လှာရွာနှင့် ရောင်းဒေါင်းရွာအကြားတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲမိနစ်ပိုင်းခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်မှုများရှိကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ ရောက်ရှိလာကာ လမ်းပိုင်းကို ပိတ်ဆို့၍ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“ဧပြီလ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားတဲ့ နေရာနားမှာပဲ ဒီနေ့ နံနက်ပိုင်း ပစ်ခတ်မှုထပ်ဖြစ်တယ်။ သေနတ်သံတွေတော့ မိနစ်ပိုင်းလောက်ကြာလိုက်ရတယ်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာတော့ ရှိတယ်။ ထိခိုက်မှုတော့မသိဘူး။ စစ်တပ် စစ်ကူတွေက ချက်ခြင်းရောက်လာပြီး လမ်းပိုင်းပိတ်ဆို့ စစ်ဆေးတာတွေတော့ လုပ်ဆောင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းကလည်း မုဒုံမြို့နယ်၊ အမှတ် ၈ ကားလမ်းမကြီးပေါ်ရှိ ရောင်းဒေါင်းကျေးရွာနှင့် ကွမ်လှာကျေးရွာအကြားတွင် အကြမ်းဖက် စစ်တပ်နှင့် ရာမညမွန်တပ်တော် (RMA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။




