36 C
Yangon

စစ်ကိုင်းနှင့် မန္တလေးတွင် စစ်တပ်နှင့် စီးပွားရေးသမားပျူစောထီးများ ပူးပေါင်းကာ စက်သုံးဆီဆိုင်များမှ ဆီများကို လိုက်လံထုတ်ယူပြီး မှောင်ခိုဈေးဖြင့် ပြန်ရောင်း၊ တိုင်ကြားသော်လည်း အရေးမယူ

Must read

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းနှင့် မန္တလေးတွင် စစ်တပ်နှင့်ပေါင်း၍ ပျူစောထီး စီးပွားရေးသမားများပူးပေါင်းပြီး စက်သုံးဆီဆိုင်များမှ ဆီများကို လိုက်လံက်ဝယ်ယူကာ မှောင်ခိုဈေးဖြင့် ပြင်ပသို့ ပြန်လည် ရောင်းချနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်များတွင် ပြည်သူများက နေပူထဲ၌ နာရီပေါင်းများစွာ ပင်ပန်းဆင်းရဲစွာ တန်းစီနေရချိန်တွင် စစ်တပ်မှ တပ်ဖွဲ့ဝင်တချို့၊ ပျူစောထီး စီးပွားရေးသမားတို့က စက်သုံးဆီဆိုင်များမှ ဆီများကို သတ်မှတ်ပမာဏထက် ကျော်လွန်ထုတ်ယူပြီး မှောင်ခိုဈေးဖြင့် အဆမတန် စျေးတင်ကာ ပြန်လည်ရောင်းချနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ “အားသစ်ကြေးလုပ်ငန်း” ပိုင်ရှင် ဝေယံ ဆိုသူက တပ်မ ၃၃ မှ စစ်သားတချို့နှင့် ပူးပေါင်းကာ အိမ်စီးကားများဖြင့် နေ့စဉ် ဆီဆိုင်များသို့ သွား ရောက် ကာ ဆီများကို ထုတ်ယူကြောင်း၊ ယင်းနောက် ထုတ်ယူရရှိသော ဆီများကို မှောင်ခိုစျေးကွက်သို့ ပြန်လည် ရောင်းချကြောင်း၊ တပ်မ ၃၃ မှ စစ်သားများကိုယ်တိုင် ကားများပေါ်တွင်လိုက်ပါ၍ ဆီဆိုင်ဝန်ထမ်းများကို ဆီထည့်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဝေယံနှင့်အဖွဲ့က စစ်တပ်နှင့်ပူးပေါင်း၍ မန္တလေးဘက်ခြမ်းရှိ “ခက်သင်” ဆီဆိုင်ကဲ့သို့သော ဆီဆိုင်များတွင်လည်း စစ်တပ်က ညနေပိုင်း အရောင်းပိတ်ထားချိန်၌ပင် ဟွန်းတီး၍ ဆိုင်ဖွင့်ခိုင်းကာ လက်နက်အင်အားပြ၍ အိမ်စီးကားများဖြင့် ဆီထည့်ယူမှုများ ပြုလုပ်နေသည်ဟု သိရှိရသည်။

စစ်တပ်နှင့်ပူးပေါင်းထားသော ဝေယံနှင့်အဖွဲ့က နေ့စဉ် ဆီပေပါ ၃ ပေပါခန့်အထိ ရရှိပြီး သူ၏ နေအိမ်တွင်ပင် တရားမဝင် ပြန်လည်ရောင်းချနေခြင်း ဖြစ်ကြောင်း၊ ဆီဆိုင်များတွင် ဆီ ၁ လီတာ ငွေကျပ် ၅,၀၀၀ ဝန်းကျင်ဖြင့် ထုတ်ယူလာသော ဆီများကို မှောင်ခိုဈေးကွက်တွင် ဆီ ၁ လီတာ ငွေကျပ် ၁၅,၀၀၀ ဝန်းကျင်ဖြင့် ပြန်လည်ရောင်းချနေကြောင်း သိရှိရသည်။

ဝေယံနှင့်အဖွဲ့က စက်သုံးဆီ မှောင်ခိုရောင်းချမှုမှ နေ့စဉ် အသားတင်အမြတ်ငွေ သိန်းပေါင်းများစွာရရှိနေပြီး တပ်မ ၃၃ မှ စစ်သားများကိုလည်း ခွဲဝေယူကြကြောင်း သိရှိသည်။

စစ်ကိုင်းနှင့် မန္တလေးရှိ ဆီဆိုင်တော်တော်များများတွင် ထိုကဲ့သို့ စစ်တပ်နှင့်ပေါင်း၍ ဂုတ်သွေးစုပ်နေသည့် ယန္တရားကြောင့် ပြည်သူများမှာ ဆီရရှိရေးအတွက် ပိုမိုခက်ခဲလာကြောင်း သိရှိရသည်။

“ကျွန်တော်တို့က နေပူထဲမှာ ၇ နာရီကျော်လောက် တန်းစီနေရချိန်မှာ သူတို့က စစ်ယူနီ ဖောင်းနဲ့ လက်နက်အားကိုးပြီး အလွယ်တကူ ထည့်သွားကြတာ။ ပြီးတော့ အပြင်မှာ ဈေးအဆမတန် တင်ရောင်းတာက ပြည်သူတွေရဲ့ သွေးနဲ့ချွေးကို ဂုတ်သွေးစုပ်သလို ခံစားရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဆီမှောင်ခိုသမား ဝေယံ ဆိုသူသည် တပ်မ ၃၃ တံဆိပ်ပါ စစ်အင်္ကျီနှင့် ဦးထုပ်များကို ဝတ်ဆင်၍ သွားလာနေပြီး၊ ၎င်း၏လုပ်ငန်းမှာ စစ်တပ်က အပ်နှံသည့် ဒိုင်းဆုများကို အဓိကလုပ်ကိုင်ပေးရသည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လက်နက်ပြ ဆီထုတ်ယူမှုများကို ဆီဆိုင်မန်နေဂျာအချို့က အထက်သို့ တင်ပြတိုင်ကြားသော်လည်း ယနေ့အထိ တစ်စုံ တစ်ရာ အရေးယူဖြေရှင်းပေးခြင်း မရှိသေးဘဲ ဆက်လက် လုပ်ဆောင်နေကြဆဲ ဖြစ်သည်ဟု သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ဆီထုတ်ယူ ရောင်းချနေကြသူများကို ယခင် မတ်လအတွင်း မြင်တွေ့ရစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article