36 C
Yangon

ဖားကန့်၊ မရှီကထောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေ

Must read

ရန်ကုန်၊ ဧပြီ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းဘက်တွင် KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း သိရသည်။

“မရှီကထောင် ဆုတောင်းကုန်းဘက်မှာ တိုက်ပွဲဖြစ်နေတာ မနက်တည်းကစပြီး လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားနေရတာ အခုထိလည်း လက်နက်ကြီးသံတွေ ကြားနေရတုန်းပဲ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကို ပစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့ ညနေပိုင်းကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းရွာတွင် KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လုံးခင်းရွာအတွင်း နေရာယူ တပ်စွဲခဲ့သောကြောင့် ဧပြီလ ၇ ရက်နေ့တွင် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားကန့်မြို့နယ်၊ အမှိုက်ပုံရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း၊ အလားတူ ဧပြီ ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ဖားကန့်မြို့ပေါ်ရှိ ဆောင်းကဖေး အရှေ့ဘက်နှင့် မြို့မရပ်ကွက်၊ ကလပ်ကုန်း အနီးကို ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၉ နှစ်အရွယ် မောင်ဖုန်ရိန်အောင်၊ အသက် ၁၇ နှစ်အရွယ် မဂျာအောင် ၊ အသက် ၂၈ နှစ်အရွယ် မဆောင်မျော် ၊ အသက် ၃၀ နှစ်အရွယ် ဦးဘန်းအောင်နှင့် အသက် ၅၀ နှစ်အရွယ် ဦးတူးခေါင် တို့ လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article