ရန်ကုန်၊ ဧပြီလ ၁၁
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ပခုက္ကူ-ရေစကြို လမ်းပိုင်းပေါ်တွင် စစ်ကောင်စီနှင့် နီးစပ်သည့် အငြိမ်းစားအရာခံဗိုလ်တစ်ဦး၏ စစ်တပ်ထုတ်ကုန် အရက်နှင့် ဘီယာအများအပြားကို Southern YSO PDF အဖွဲ့က ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၇ ရက်နေ့က ရေစကြိုမြို့နယ်အတွင်းရှိ ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ရှောင်တခင် စစ်ဆေးမှုများပြုလုပ်စဉ် ရေစကြိုမြို့သို့ ဦးတည်မောင်းနှင်လာသည့် ကုန်တင်ကားတစ်စီးပေါ်မှ စစ်တပ်ထုတ်ကုန် အရက်နှင့်ဘီယာ ၂၇၂ ဖာကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ္စည်းများသည် ခလရ ၂၅၇ တပ်ရင်းမှ အငြိမ်းစားယူထားသည့် အရာခံဗိုလ် ကျော်လွင် ပိုင်ဆိုင်သော “ဧဒင်နန်း” အရက်ဆိုင်သို့ ပို့ဆောင်မည့် ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
အရာခံဗိုလ် ကျော်လွင်သည် ဒေသတွင်းရှိ ခလရ (၂၅၆၊ ၂၅၇၊ ၂၅၈) တပ်ရင်းများနှင့် အလွန် နီးစပ်သူဖြစ်ပြီး ၎င်း၏အရက်ဆိုင်မှာလည်း စစ်တပ်ဂိတ်နှင့် မီတာ ၁၅၀ ခန့်သာ ကွာဝေးသဖြင့် ဒေသခံများက “စစ်တပ်ဆိုင်” ဟုပင် ခေါ်ဆိုကြသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။
Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက “ကားကတော့ ရေစကြိုကား၊ ရေစကြိုကားကိုမှ ပခုက္ကူမှာက အဝယ်ဒိုင်ရှိတယ်။ အဝယ်ဒိုင်ကနေမှ ရေစကြိုကို ပြန်သယ်တာ။ ရေစကြိုက ဝယ်တဲ့သူကလည်း စစ်ကောင်စီပတ်သက်တဲ့သူဖြစ်နေတဲ့အတွက် ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းတာပါ။ အဲဒီနေ့ကဆိုရင် ကျန်တဲ့အရက်ဘီယာတင်ဆောင်လာတဲ့ကားတွေ အများကြီးဖမ်းမိတယ်။ သာမန်လုပ်ငန်းရှင် ပြည်သူဖြစ်နေတဲ့အတွက် ပြန်လွှတ်ပေးခဲ့တယ်။ အခုဖမ်းဆီးလိုက်တာက စစ်ကောင်စီထုတ်ပစ္စည်းတွေလည်းဖြစ်တယ်၊ စစ်ကောင်စီနဲ့လည်း ပတ်သက်နေတဲ့အတွက် ဖမ်းဆီးရခြင်းဖြစ်ပါတယ်။”ဟု ပြောဆိုသည်။
သိမ်းဆည်းရမိသည့် အရက်နှင့် ဘီယာများကို ဖျက်ဆီးပစ်မည်မဟုတ်ဘဲ တော်လှန်ရေးအတွက် အကျိုးရှိရှိ အသုံးချသွားမည်ဖြစ်ကြောင်း ကိုအောင်မောင်းက ဆက်လက်ပြောဆိုသည်။
“ဒါတွေကို ဖျက်ဆီးမှာမဟုတ်ပါဘူး။ ငွေဖော်ပြီး လက်နက်ခဲယမ်းဖြည့်မယ်။ လူထုဗဟိုပြု ဆေးခန်းဆိုတာရှိတယ်၊ ဒါက ပြည်သူလူထုကို အခမဲ့ဆေးကုသပေးနေရတဲ့ ဆေးခန်းဖြစ်တယ်။ ဒီနေရာတွေမှာ Supporting ပေးပြီး ဝန်ဆောင်မှုပေးမယ်။ ပြည်သူ့ပစ္စည်းဆိုရင် အပ်တိုတစ်ချောင်းတောင်မယူပါဘူး။ အဓိကတော့ စစ်ကောင်စီနဲ့ပတ်သက်လို့ သိမ်းတာပါ။”ဟု သူကရှင်းပြသည်။
Southern YSO PDF အနေဖြင့် လမ်းပေါ်တွင် စစ်ဆေးမှုများပြုလုပ်ရာ၌ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေပြီး လုပ်ငန်းရှင်များကိုလည်း ကြိုတင်သတိပေးထားကြောင်း ဆိုသည်။
“ခင်ဗျားတို့ အရက်လိုင်စင်ရ လုပ်ရတာသည် လုပ်။ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ဒါတွေ၊ ဒါတွေတော့ မတင်သင့်ဘူး။ နောက်တစ်ခါတင်မယ်ဆိုရင် ဖမ်းမယ်ဆိုပြီး ကြေညာချက်ထုတ်ခဲ့တယ်။ ရှေ့မှာလည်းဖမ်းခဲ့တာရှိတယ်။ လက်နက်ရှိနေလို့ ဒီလမ်းပေါ်မှာ စိုးမိုးပြီးလုပ်နေတဲ့ အလုပ်တော့မဟုတ်ဘူး။”ဟု သူက ဆက်လက် သတိပေးသည်။
လက်ရှိတွင် ရေစကြိုမြို့ပေါ်၌ စစ်ကောင်စီက အရက်လိုင်စင်ရ လုပ်ငန်းရှင်များထံမှ ငွေကြေး အမြောက်အမြား အတင်းအဓမ္မကောက်ယူကာ သင်္ကြန်မဏ္ဍပ်များစွာကို အကြီးအကျယ် ဆောက်လုပ်ထားသည်။ ယခင်နှစ်များကထက် ထူးကဲစွာ မဏ္ဍပ်များဆောက်လုပ်ထားသည့်အပြင် အရက်ရောင်းချမည့် ဆိုင်ခန်းများကိုလည်း အများအပြား ချထားပေးကြောင်း သိရသည်။
Southern YSO PDF မှ သိမ်းဆည်းထားသည့် ပစ္စည်းများထဲတွင် သာမန်ပြည်သူစစ်စစ်များ၏ ပစ္စည်းများ ပါဝင်နေခဲ့ပါက အထောက်အထားခိုင်လုံစွာဖြင့် လာရောက်ဆက်သွယ်ရွေးယူနိုင်ကြောင်းလည်း အသိပေးထုတ်ပြန်ထားပါသည်။







