38 C
Yangon

အရာတော်နှင့် ကနီတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေ ကြောင်းနှင့် ဒရုန်းများဖြင့် အဆက်မပြတ်တိုက်ခိုက်၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်းအတွင်းရှိ အရာတော်မြို့နယ်နှင့် ကနီမြို့နယ်တို့တွင် အကြမ်း ဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်း တိုက်ခိုက်မှုများနှင့် ဒရုန်းဗုံးသီးချတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသဖြင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေကြောင်း သိရသည်။

ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ ၃၀ မိနစ်ခန့်အထိ အရာတော်မြို့နယ်တောင်ခြမ်းရှိ မင်းရွားကျေးရွာနှင့် မလဲသာကျေးရွာကြားကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

မိတ္ထီလာ ရှမ်းတဲလေတပ်နှင့် တံတားဦးလေတပ်တို့မှ တက်လာသည့် ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံး ၁၃ လုံး ကြဲချကာ ၁၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်တိုင်တိုင် ဗုံးကျဲသွားတာပါ။ ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံး ၁၃ လုံး ချသွားတာ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ်ပျက်စီးတာမျိုးတော့ ကျွန်တော် မသိရသေးဘူး။ စစ်ခွေးလေယာဉ်တွေ လက်ရှိမှာ ဝဲနေတုန်းပဲ။ ပြည်သူတွေက ကြောက်လို့ အပြင်တောင် ထွက်မကြည့်ရဲသေးဘူး။”ဟု ပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့ကလည်း အရာတော်မြို့နယ်၊ ကမ်းပြူကျေးရွာရှိ စစ်ဘေးရှောင်များ ခိုလှုံနေသော ဘုန်းကြီးကျောင်းများအပါ အဝင် နေရာ ၃ ခုကို စစ်ကောင်စီက အသေခံဒရုန်း ၃ စီးဖြင့် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ထို့အပြင် ကနီမြို့နယ်၊ တဇယ်ချောင်ကျေးရွာနှင့် အနီးတစ်ဝိုက်ကိုလည်း ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ဒရုန်းများဖြင့် အကြိမ် ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တဇယ်ချောင်ကျေးရွာမှ အမျိုးသမီးတစ်ဦး နှာခေါင်းတွင် ကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများနဲ့ တိုက်ခိုက်ခဲ့တာပါ။ ဒရုန်းဘယ်နှစ်စီးလဲဆိုတာထက် ကနီဘက်ကနေ တစ်ခေါက်ပြီးတစ်ခေါက် လာနေတာပဲ။ ထိခိုက်ဒဏ်ရာရတာက တဇယ်ချောင်ရွာက အမျိုးသမီးတစ်ဦးပါ။ နှာခေါင်း ထိသွားတယ်။ နေအိမ်ပျက်စီးတာမျိုးတော့ မရှိပါဘူး။”ဟု ကနီဒေသ သတင်းရင်းမြစ်က ရှင်းပြသည်။

အလားတူ မတ်လ ၂၁ ရက်နေ့ကလည်း ကနီမြို့နယ်၊ ဆူးလေကုန်းရွာရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော်များ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များ၌ စစ်ကောင်စီသည် မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပင် လေကြောင်းအင်အား အလွန်အကျွံအသုံးပြုကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသဖြင့် ပြည်သူများမှာ အချိန်နှင့်အမျှ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရသည်။

ဓာတ်ပုံ- စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့စဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article